ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ယနေ့ (ဧပြီလ ၂၇ ရက်) တွင် စစ်ကော်မရှင်၏ ညွှန်ကြားချက်ဖြင့် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ ဆက်တိုက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေး ရွာအချို့ မီးလောင်ပျက်စီးကာ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဧပြီ ၂၇ရက်)၊ နံနက်ပိုင်းမှစတင်ကာ ညနေပိုင်းအထိ သံတောင်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုအတွင်းရှိ ဗဟန်းကျေးရွာ၊ ငွေတောင်ကျေးရွာနှင့် တောပုန်းအောက်ရွာများကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မနက်ကတည်းက လေယာဉ်နဲ့လာကြဲတာ၊ ညနေအထိပဲ။ ရွှေနန်းကလေးဘက်က အထိုင်ချထားတဲ့ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ တရစပ်ပစ်နေတော့ ရွာထဲမှာ မီးတွေလောင်ကုန်ပြီ။ လူတွေလည်း ထိခိုက်သေဆုံးတာရှိတယ်” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စစ်ကော်မရှင်၏ ရွှေနန်းကလေးကျေးရွာရှိ လက်နက်ကြီးအထိုင်စခန်းမှ ပစ်ခတ်မှုကြောင့် ငွေတောင်ကျေးရွာနှင့် ဗဟန်းကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ပစ်ခတ်မှုများကြားမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ အသက်လု ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယခုကဲ့သို့ စစ်ကော်မရှင်က အရပ်သားကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းနှင့် ပတ်သက်၍ စစ်ရေးလေ့လာသူတစ်ဦးက “သံတောင်ကြီးဘက်မှာ စစ်ကော်မရှင်က နယ်မြေစိုးမိုးမှု လျော့နည်းလာတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ကတည်းက သာမိတိုက်အုပ်စုဘက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပြီး သူတို့ဘက်က အကျအဆုံးများခဲ့တော့ အခုလို အရပ်သားကျေးရွာတွေကို လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး ခြိမ်းခြောက်တာပါ။ ဒါဟာ စစ်ရေးအရ အသာစီးရဖို့ထက် ပြည်သူတွေကို ကြောက်လန့်အောင် လုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့မလုပ်နိုင်အောင် ဖြတ်တောက်တဲ့ နည်းဗျူဟာကို သုံးလာတာပဲဖြစ်တယ်” ဟု သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကတည်းက သံတောင်မြောက်ပိုင်း၊ သာမိတိုက်အုပ်စုဘက်တွင် စစ်ကော်မရှင်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကော်မရှင်က ယခုကဲ့သို့ လေကြောင်းအင်အားကို အလွန်အကျွံသုံးကာ အရပ်သားကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် အရပ်သား ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျကို အတည်ပြုနိုင်ရန် MPA က ဆက်လက်စုံစမ်းလျက် ရှိသည်။
သံတောင်ကြီးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူ အများအပြားမှာ နီးစပ်ရာ တောတောင်များနှင့် ဘေးလွတ်ရာ နေရာများသို့ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
