စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ်တွင် စတားလင့်ဆိုင်အနီးသို့ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် ၃ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီ ၂၅ရက်၊ ညနေ ၄နာရီဝန်းကျင်တွင် ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာကို မင်းရွာပျူစောထီး ရွာမှ ဒရုန်းဖြင့် ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ရာ လက်ဖက်ရည်ဆိုင်နှင့် စတားလင့် တွဲဖွင့်ထားသည့် ဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲပြီး ဆိုင်အတွင်းထဲရှိ အသက် ၈နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၁၅နှစ်အရွယ် ကလေးငယ် ၂ဦးတို့ သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖထံက သိရသည်။
” မင်းရွာပျူရွာကနေပေါ့နော်။ ငတရော်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ ရွာမြောက်ဖျား စတားလင့်ဆိုင်ကို ကြဲသွားတာပေါ့နော်။ စတားလင့်ဆိုင်မှာ လိုင်းသုံးရင်းနဲ့ပေါ့နော်။ လက်ဖက်ရည် ဆိုင်နဲ့ တွဲဖွင့်ထားတာဗျ” ဟု ရေစကြိုပကဖ သတင်းတာဝန်ခံက MPA သို့ပြောသည်။
ထို့ပြင် ယင်းဆိုင်ထဲရှိ ကလေးငယ် ၅ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” ထိခိုက်ဒဏ်ရာရတဲ့သူတွေရဲ့ အခြေအနေကတော့ ပြင်းထန်တယ်ပေါ့နော်။ ဘယ်မှာဆေးကု နေလဲဆိုတာတော့ ကျနော်တို့ မသိရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိခိုက် သေဆုံးသည့် ကလေးငယ်များသည် ယောကျာ်းလေးများဖြစ်ကြောင်းသိရသည်။
ဆိုင်ပေါ်တည့်တည့်သို့ ဗုံးကျရောက်ခြင်းမရှိသည့်အတွက် ဆိုင်ပျက်စီးမှုမရှိပေ။
