လှိုင်တွင် ညဦးပိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေသူများကို စစ်အုပ်စုဝင်ဖမ်း

ဓာတ်ပုံ-AFP
ပုံစာ- ရန်ကုန်မြို့တစ်နေရာတွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးနေပုံ။(ပုံဟောင်း)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ရွှေကံ့ကော် လက်ဖက်ရည်ဆိုင်ထဲရှိ အမျိုးသား၃ဦး ကို စစ်အုပ်စုက ဖမ်းဆီးသွားကြောင်း သိရသည်။

လှိုင်မြို့နယ်၊၁၃ရပ်ကွက်၊သီရိမြိုင်၇လမ်းရှိ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်သို့ ဧပြီ၂၇ရက်၊ည၉နာရီခွဲ ခန့်တွင် စစ်အုပ်စုဝင်တို့ ရောက်ရှိလာကာ ဆိုင်မန်နေဂျာနှင့် ဧည့်သည်၂ဦးကို ဖမ်းဆီးသွားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Hlaing Info က သတင်းထုတ်ပြန်သည်။

“ဆိုင်က တစ်ယောက်နဲ့ အဲဆိုင်နားမှာနေတဲ့ တိုက်ခန်းက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူ၂ယောက် ပါသွားတယ်။အကုန် ကျားတွေချည်းပဲ။ဒီနေ့(ဧပြီ၂၈ရက်)မနက်ထိ ပြန်မလွတ်သေးဘူး”ဟု ၁၃ရပ် ကွက်သားတစ်ဦးက MPAသို့ပြောသည်။

သီရိမြိုင်၇လမ်းထဲ အရက်ထိုင်သောက်နေသူတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း Hlaing Info က ဆိုသည်။

“အခုလို ညဦးပိုင်းကြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်ဆွဲတာမျိုး အရင်က မရှိဘူး။အရင်က ကင်းလှည့်ရင်း နဲ့ လမ်းဘေးထိုင်နေတာမျိုး ဖမ်းတာတော့ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လာရောက်ဖမ်းဆီးသူများမှာ စစ်တပ်၊ပျူစောထီး၊လမ်းမှူးနှင့် ၁၃ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ထူး တို့ဖြစ်ကြောင်း ၎င်းကဆိုသည်။