အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီသည် သံတမန်ရေးရာ ခရီးစဉ်တစ်ခုအဖြစ် ရုရှားနိုင်ငံသို့ ဧပြီ ၂၇ ရက် တွင် ရောက်ရှိခဲ့သည်။
စိန့်ပီတာစဘတ်မြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် အာဘတ်စ်အာရက်ချီက စစ်ဖြစ်ပွားနေသည့် နှစ်ဖက်အကြား တိုက်ရိုက်ဆွေးနွေးမှုများမှာ ရှေ့မတိုးသာသည့် အခြေအနေသို့ ရောက် နေရခြင်းမှာ အမေရိကန်ကြောင့်ဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။
အာရက်ချီသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အဓိက ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သလို အိုမန်နိုင်ငံသို့လည်း ခဏတာ သွားရောက်ခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးရရှိရန် ရုရှားအနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဘက်ကနေပြီး ခင်ဗျားတို့ရဲ့ အကျိုးစီးပွား၊ ဒေသတွင်းက လူသားအားလုံးရဲ့ အကျိုးစီးပွားအတွက် အစွမ်းကုန် လုပ်ဆောင်ပေးသွားမှာဖြစ်သလို၊ ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိအောင်လည်း ကြိုးပမ်းသွားမှာပါ” ဟု ပူတင်က အာရက်ချီအား ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
ထို့ပြင် အီရန်ပြည်သူများသည် ၎င်းတို့၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် “မည်မျှ သတ္တိပြောင်မြောက်ပြီး သူရဲကောင်းဆန်စွာ တိုက်ပွဲဝင်နေကြသည်” ကိုလည်း ပူတင်က ချီးမွမ်းခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြသည်။
“ရုရှားအနေနဲ့ အီရန်လိုပဲ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ပူတင်ကဆိုသည်။
အာရက်ချီက “အမေရိကန်ရဲ့ ချဉ်းကပ်ပုံနည်းလမ်းတွေက အလွန်အကျွံတောင်းဆိုမှုတွေကြောင့် အရင်ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေရှိခဲ့ပေမဲ့ သတ်မှတ်ထားတဲ့ ပန်းတိုင်ကို မရောက်ဘဲ ပျက်ပြားခဲ့ရတာဖြစ်ပါတယ်” ဟု ဧပြီ ၂၇ တွင် ပြောကြားခဲ့သည်။
