ပြည်တွင်း၌ စက်သုံးဆီလက်ကျန် အလုံအလောက်ရှိနေပြီဖြစ်သောကြောင့် မေလတွင် စက်သုံးဆီများ ပြန်လည်တင်ပို့နိုင်ရန်အတွက် တရုတ်အစိုးရပိုင် ရေနံချက်စက်ရုံများက အစိုးရထံမှ ခွင့်ပြုချက်များ စတင်လျှောက်ထားလျက်ရှိသည်။
China Petrochemical Corp. (Sinopec) နှင့် China National Petroleum (CNPC) အပါအဝင် တရုတ်ရေနံကုမ္ပဏီကြီးများသည် ဓာတ်ဆီနှင့် ဒီဇယ်များကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ရရန် ပြီးခဲ့သည့်အပတ်ကတည်းက ခွင့်ပြုချက်တောင်းခံနေခြင်းဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများက ပြောကြားသည်။
အီရန်စစ်ပွဲ အစောပိုင်းကာလများက ဟော်မုဇ်ရေလက်ကြား ပိတ်သွားမှုကြောင့် ရေနံနှင့် ရေနံထွက်ပစ္စည်း တင်သွင်းသည့်နိုင်ငံများတွင် အခက်အခဲများ ကြုံတွေ့နေရချိန်တွင် တရုတ်အစိုးရသည် ပြည်တွင်းဖူလုံမှုကို ဦးစားပေးရန် စက်သုံးဆီတင်ပို့မှုကို ကန့်သတ်ခဲ့ရာ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်နိုင်ငံတစ်ဝှမ်း၌ စက်သုံးဆီလက်ကျန်များစွာ စုဆောင်းမိခဲ့သည်။
သို့သော် ယင်းကာလအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့် လျှပ်စစ်ကား (EV) အသုံးပြုမှု များပြားလာမှုတို့ကြောင့် ပြည်တွင်း၌ ဆီလိုအပ်ချက်မှာ မမျှော်လင့်ဘဲ လျော့နည်းသွားခဲ့ရာ ဆီပေးသွင်းသူများအပေါ် ဖိအားလျော့သွားပြီး ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ ရရှိမည့် အမြတ်ငွေမှာလည်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
Mysteel OilChem ၏ အချက်အလက်များအရ အစိုးရပိုင် ရေနံချက်စက်ရုံများရှိ ဓာတ်ဆီလက်ကျန်မှာ ၂၀၂၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး ဒီဇယ်လက်ကျန်မှာလည်း ၂၀၂၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် စွမ်းအင်လုံခြုံမှုအတွက် နှစ်ပေါင်းများစွာ အလေးထား ဆောင်ရွက်ခဲ့သည်။
ကုန်သွယ်ဖက်နိုင်ငံများကို စုံလင်အောင် ထားရှိခြင်း၊ ပြည်တွင်းထုတ်လုပ်မှုတွင် အမြောက်အမြား ရင်းနှီးမြှုပ်နှံခြင်းနှင့် အရန်ဆီသိုလှောင်မှုများကြောင့် သမိုင်းဝင် စွမ်းအင်ပြတ်လပ်မှု အကြပ်အတည်းကာလအတွင်း အိမ်နီးချင်းနိုင်ငံများထက် ပိုမိုကောင်းမွန်သည့် အနေအထားတွင် ရှိနေခြင်းဖြစ်သည်။
ထို့အပြင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်ကဲ့သို့သော တင်သွင်းသူနိုင်ငံများမှာ စက်သုံးဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရချိန်တွင်ပင် တရုတ်နိုင်ငံသည် ၎င်း၏ပြည်တွင်းစားသုံးသူများကို ကာကွယ်ရန်အတွက် စက်သုံးဆီတင်ပို့မှုများကို လျင်လျင်မြန်မြန် ကန့်သတ်ခဲ့သည်။
