ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်းနှင့် နယ်လုံဝန်ကြီးတို့ကို ရာဇာမင်းကုမ္ပဏီက ရှယ်ယာပေးထားဟု သတင်းထွက်

ဓာတ်ပုံ-ဒေသတွင်း စစ်အုပ်စုလော်ဘီ ရာမညတိုင်းမ်
ပုံစာ-မတ်လ ၅ ရက်က ကတုံးပေါ်ဆိပ်သို့ အောင်ကြည်သိန်းရောက်ရှိစဉ်

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးခွင့်ပေးသော ဝန်ကြီးချုပ်ပြုတ် အောင်ကြည် သိန်းနှင့် နယ်လုံဝန်ကြီးတို့ကို ရာဇာမင်းကုမ္ပဏီက ရှယ်ယာပေးထားကြောင်း သတင်း ထွက်ပေါ် လျက်ရှိသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးခွင့်ကို ယခင်တရားမဝင်ဝန်ကြီးချုပ် အောင်ကြည် သိန်းလက်ထက်တွင် ရာဇာမင်းကုမ္ပဏီတစ်ခုတည်းအား လုပ်ပိုင်ခွင့်ချပေးခဲ့ခြင်းဖြစ်ပြီး ရာဇာမင်းကု မ္ပဏီက စက်သုံးဆီတင်သွင်းရန် လိုအပ်သော နိုင်ငံခြားငွေကို ဗဟိုဘဏ် ရောင်းချပေးသည့်ငွေ ရယူ ခြင်းမရှိဘဲ ၎င်းတို့အပိုင် နိုင်ငံခြားငွေဖြင့်သာ တင်သွင်းနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများ အရ သိရသည်။

“ကုမ္ပဏီတစ်ခုတည်းကို လုပ်ပိုင်ခွင့်ပေးတဲ့အတွက် အောင်ကြည်သိန်းနဲ့ နယ်လုံဝန်ကြီး ကျော်စွာမြင့် (ဗိုလ်မှူးကြီးကျော်စွာမြင့်)ကို ရာဇာမင်းက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရှယ်ယာပေးထားတယ်လို့ အရင် မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းစည်းထဲကနေ ကြားနေရတယ်။ဖြစ်လည်းဖြစ်နိုင်ပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။

ယင်းသို့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး တရားမဝင်မွန်ပြည်နယ်အစိုးရနှင့် ရာဇာမင်းကုမ္ပဏီကြား ချုပ်ဆိုထားသည့်စာချုပ်ပါ အချက်အလက်များကိုမူ ယနေ့အထိ လျှို့ဝှက် ထားဆဲဖြစ်ကြောင်း သိရသည်။

ရာဇာမင်းကုမ္ပဏီက ၎င်းတို့ပိုင်ဆိုင်သည့် မုဒုံမြို့နယ်၊ကတုံးပေါ်ဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန် မှနေ၍ ကြာအင်းဆိပ်ကြီးနှင့် ဘီလင်း ရွှေလုပ်ကွက်များဆီသို့ တရားမဝင် ရောင်းချခဲ့ရာ သက်ဆိုင်ရာ ကဖမ်းဆီးမိသဖြင့် မော်လမြိုင်မြို့၊မုပွန်ရဲစခန်း၌ ကုမ္ပဏီပိုင်ရှင် ညီညီထွေးအား အမှုဖွင့်ထားကြောင်း သိရသည်။

“အမှုပဲ ဖွင့်တာ။ပြီးတော့ ပြန်လွှတ်ပေးပါတယ်။အာမခံပေးတာမျိုးပေါ့။ညီညီထွေး(ရာဇာမင်းကုမ္ပဏီ) နောက်မှာ အောင်ကြည်သိန်းက အခိုင်အမာ ရပ်တည်နေတာကိုး”ဟု ၎င်းက ဆက်လက်ပြောသည်။

ရာဇာမင်းကုမ္ပဏီက တရားမဝင် ဆီရောင်းချမှုများ ရှိနေသဖြင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ မလုံ လောက်မှုပြဿနာနှင့် ရင်ဆိုင်နေရသလို စက်သုံးဆီဈေးနှုန်းမှာလည်း အခြားဒေသများထက် ပိုမို များပြားလျက်ရှိသည်။

ထို့အပြင် မော်လမြိုင်မြို့၊ လှိုင်ရတနာမြို့သစ် တည်ဆောက်ရေးစီမံကိန်းကိုလည်း ငွေမိုးလုပ်ငန်းစု အား ဝန်ကြီးချုပ်ပြုတ်အောင်ကြည်သိန်းက လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

“အောင်ကြည်သိန်း၊ကျော်စွာမိုး(နယ်လုံဝန်ကြီး)နဲ့ မိုးကျော်(ငွေမိုးလုပ်ငန်းစုပိုင်ရှင်)ဆိုတာလည်း တစ်စီးပွားတည်းလို့ ပြောလို့ရတယ်။ပေါင်းစားနေကြတာ။သတ္တိရှိရင် အခုအစိုးရသစ်ဆိုတဲ့သူတွေ စစ်ဆေးလေ။အနည်းဆုံးတော့ စက်သုံးဆီကိစ္စ စစ်ကိုစစ်ရမယ်”ဟု ၎င်းကပြောသည်။

အောင်ကြည်သိန်းက ၎င်းတရားမဝင်ရရှိခဲ့သော လာဘ်ငွေများအနက် တစ်စိတ်တစ်ဒေသကို ယခင် တရားမဝင်ဝန်ကြီးချုပ် ညိုစောထံသို့ လစဉ် လိုင်းကြေးပေးကာ အကာအကွယ်ယူထားသည်ဟု လည်း သတင်းထွက်ပေါ်လျက်ရှိသည်။

ဝန်ကြီးချုပ်ပြုတ်အောင်ကြည်သိန်းမှာ ယခုအခါ လွှတ်တော်အမတ်အဆင့်သာရှိတော့သော်လည်း လက်ရှိနယ်လုံဝန်ကြီး ကျော်စွာမြင့်က ဂါရဝပြုမြဲဖြစ်ကြောင်း သိရသည်။