ပခုက္ကူ၌ အရပ်သားတစ်ဦးကို ခရိုင်တပ်ရင်း ၁၃ က ဖမ်းဆီးသတ်ဖြတ်

ဓာတ်ပုံ-ပေးပို့
ပုံစာ-သတ်ဖြတ်ခံရသူ ကိုဝင်းဇော်၏ ရုပ်အလောင်းအား တွေ့ရစဥ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေထွက်ကြီးကျေးရွာမှ အရပ်သားတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပခုက္ကူခရိုင် တပ်ရင်း (၁၃) က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ် သိရှိသူများထံမှ စုံစမ်းသိရှိရသည်။

မန္တလေးမြို့သို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသည့် ကိုကျော်ဇင်မှာ ၂၀၂၆ ခုနှစ်၊ မတ် ၁၉ ရက်၊ ညနေ ၄ နာရီဝန်းကျင်၌ ပေါက်မြို့နယ်၊ ရေထွက်ကြီးကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ပြီး တစ်ရွာတည်းနေ ကိုဝင်းဇော်ထံမှ လက်ကိုင်ဖုန်း ငှားရမ်းအသုံးပြု၍ ငွေကျပ်နှစ်သောင်းပေးမည့်အပြင် အရက်လည်း ဝယ်တိုက်မည်ဟုဆိုကာ ညနေ ၅ နာရီခွဲခန့်တွင် ကမ္မမြို့သို့ အဖော်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။

ကိုကျော်ဇင်အနေဖြင့် မန္တလေးမြို့၌ နေထိုင်စဉ်အတွင်း ကမ္မမြို့၊ ရန်ကင်းရပ်ကွက်နေ ဒေါ်သန်းသန်းအေးဆိုသူအား ဖုန်းနံပါတ်အမျိုးမျိုး အသုံးပြု၍ ငွေဆယ်သိန်းကျပ်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများ ရှိခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့၌ ဒေါ်သန်းသန်းအေးမှ ငွေဆယ်သိန်း လာယူရန်ပြောဆိုခဲ့သဖြင့် ကိုကျော်ဇင်အနေဖြင့် ကိုဝင်းဇော်ကို အဖော်ခေါ်ကာ ကမ္မမြို့သို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ချိန်းဆိုထားသည့်နေရာသို့ ရောက်သည့်အခါ ဒေါ်သန်းသန်းအေးက ပခုက္ကူခရိုင် အမှတ် (၁၃) တပ်ရင်းမှ ရဲဘော်များနှင့် အတူစောင့်ဆိုင်း၍ အကျပ်ကိုင်ငွေညှစ်တောင်းခံသူ ကိုကျော်ဇင်နှင့် ကိုဝင်းဇော်တို့အား ည ၇ နာရီဝန်းကျင်တွင် ကမ္မမြို့၊ ရန်ကင်းရပ်ကွက်၌ ဖမ်းဆီးခဲ့ပြီး အမှတ် (၁၃) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုကဲ့သို့ ဖမ်းဆီးပြီး နှစ်ရက်အကြာ မတ် ၂၁ ရက်၌ ကိုဝင်းဇော်၏ အလောင်းကို လာရောက်ထုတ်ယူရန် အကြောင်းကြားလာသဖြင့် ရေထွက်ကြီးကျေးရွာမှ ပအဖတာဝန်ခံ ဦးကြည်ပိုင်နှင့် အဖွဲ့ဝင်များက သွားရောက်သယ်ဆောင်၍ စစ်ဆေးကြည့်ရှုရာ ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး ငွေညှစ်တောင်းခံသူ ကိုကျော်ဇင်မှာ ပခုက္ကူခရိုင် တပ်ရင်း (၁၃) ၌ ဆက်လက်ဖမ်းဆီးခံထားရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရေထွက်ကြီးကျေးရွာ (ပအဖ) မှတစ်ဆင့် ပေါက်မြို့နယ် (ပအဖ)၊ ပေါက်မြို့နယ် (ပအဖ) မှတစ်ဆင့် ပေါက်မြို့နယ် (ပလဖ)၊ ပေါက်မြို့နယ် (ပလဖ) မှတစ်ဆင့် ပခုက္ကူမြို့နယ် (ပလဖ) ထံသို့ အသိပေးတိုင်ကြားခဲ့သော်လည်း ၎င်းတို့အနေဖြင့် အရေးယူရန် အခက်အခဲရှိနေသည်ဟုသာ အကြောင်းပြန်ခဲ့သည်။

“တော်လှန်ရေးလုပ်နေတဲ့ကာလမှာ အကြောင်းပြချက်မခိုင်လုံဘဲ လူသတ်တယ်ဆိုတာ မဖြစ်သင့်ဘူး၊ ဖြစ်သင့်တဲ့ကိစ္စလည်း မဟုတ်ဘူး။ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူသတ်ချင်တိုင်း သတ်လို့ရလားလို့ မေးခွန်းထုတ်ရမယ်။ NUG က သူတို့အောက်မှာရှိနေတဲ့ တပ်ရင်းအားလုံးကို ထိန်းကျောင်းဖို့ လိုအပ်နေတာ။ အခုမှမဟုတ်ဘူး အရင်ကတည်းက ထိန်းကျောင်းခဲ့သင့်တာ။ ဒီအမှုလည်း မြန်မြန်ပေါ်ပေါက်စေချင်တယ်။ ပြီးတော့ ခရိုင်တပ်ရင်းဘက်က တာဝန်ရှိသူတွေအနေနဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြေရှင်းပေးစေချင်ပါတယ်” ဟု အဆိုပါလူသတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်မြို့နယ်မှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောကြားသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်အား ပြီးခဲ့သည့် ဧပြီ ၂၄ ရက်၌ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

အလားတူ NUG Press Office ကို ဧပြီ ၂၄ ရက်၌ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဧပြီ ၂၅ ရက်၌ ပြန်လည်အကြောင်းပြန်ပေးမည်ဟု အကြောင်းပြန်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိသေးပေ။

“အခုက မြေပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ MOD က သူ့အောက်က တပ်ရင်းတွေလုပ်တဲ့ ပြစ်မှုမျိုးဆိုရင် ဖုံးကွယ်ထားလိုက်တာ၊ လိုင်းပေါ်ကို တက်မလာတာမျိုးပေါ့။ တစ်ယောက်ယောက်က ဖော်လိုက်လို့ မီဒီယာပေါ်တက်လာမှ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်လို့ ပြောလာတာ အကုန်လုံးလည်း အသိပဲ။ သူ့အောက်က မဟုတ်တဲ့ Local အဖွဲ့တွေဆိုရင်တော့ တစ်ဖက်လှည့်နဲ့ ဖော်ပြီ” ဟု ပခုက္ကူမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း MOD လက်အောက်ခံ တပ်ရင်းအချို့မှ လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများကို MOD အနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်များဖွဲ့စည်းကာ စုံစမ်းကြားနာမှုများ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်သော်လည်း မြေပြင်၌မူ တစ်စုံတစ်ရာ အပြစ်ပေးအရေးယူခြင်းများ မရှိကြောင်း အဆိုပါဒေသများမှ ဒေသခံပြည်သူများက ဆိုသည်။

၂၀၂၁ ခုနှစ်၌ စစ်ကော်မရှင် အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ စံချိန်တင် မြင့်တက်လာနေဆဲ ဖြစ်သည်။