ထိုင်းကောင်မလေးများကြောင့် အသုံးစရိတ်ပြတ်ဟုဆိုကာ ရွှေဆိုင်ကို လုယက်ခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ Nakhon Ratchasimaရှိ ရွှေဆိုင်တစ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဝင်ရောက်စီးနင်းကာ ရွှေထည်ပစ္စည်းများ လုယက်ခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့တွင် အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက် (တနင်္လာနေ့) က Nakhon Ratchasimaရှိ ရွှေဆိုင်တစ်ဆိုင်သို့ တရုတ်နိုင်ငံသားနှစ်ဦးသည် သေနတ်အတုဟု ယူဆရသော လက်နက်များဖြင့် ဝင်ရောက်ကာ ရွှေလက်စွပ် ၃၀ ခန့်ကို လုယက်ယူငင်ပြီး ငှားရမ်းထားသောကားဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့သည် တရားခံများ ထွက်ပြေးသည့် လမ်းကြောင်းကို ခြေရာခံလိုက်လံခဲ့ရာ ဘန်ကောက်မြို့၊ ပရာဝေ (Prawet) နယ်မြေအတွင်းရှိ ကားငှားရမ်းသည့်နေရာတစ်ခုတွင် ၎င်းတို့ကို ထိုနေ့ညနေပိုင်း၌ပင် ဖမ်းဆီးနိုင်ခဲ့သည်။

ရှာဖွေစစ်ဆေးမှုများအရ လုယက်ခံရသည့် ရွှေထည်ပစ္စည်းအားလုံးကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး လုယက်မှုတွင် အသုံးပြုခဲ့သည့် အနက်ရောင်ဝတ်စုံများနှင့် အခြားသက်သေပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။

အဖမ်းခံရသူ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ် Zou Qintao နှင့် အသက် ၁၉ နှစ်အရွယ် Song Haolong တို့က ၎င်းတို့သည် ခရီးသွားဗီဇာဖြင့် လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များဖြစ်ကြောင်း ဝန်ခံခဲ့သည်။

၎င်းတို့က လုယက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုင်းနိုင်ငံသို့ လည်ပတ်စဉ်အတွင်း လက်ထဲတွင် ငွေပြတ်လတ်သွားခြင်းနှင့် ၎င်းတို့တွဲနေသည့် ထိုင်းရည်းစားများအတွက် အသုံးစရိတ် ကြီးမြင့်နေခြင်းကြောင့် ယခုကဲ့သို့ ရွှေဆိုင်ကို ဝင်ရောက်လုယက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထူးဆန်းစွာ ထွက်ဆိုခဲ့ကြသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးအား ကိုရတ်မြို့၊ ချုပ်ချိုင်း (Chok Chai) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။