စစ်အာဏာရှင်က ဓားစားခံသဖွယ် ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတကာက တောင်းဆိုပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောသည်။
ယူကေ၊ဩစတြေးလျ၊ကနေဒါ၊ ဂျာမနီ၊နော်ဝေ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ဖိလစ်ပိုင်၊ထိုင်းနှင့် အမေရိ ကန် စသည့် နိုင်ငံများက တောင်းဆိုပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ရုပ်သံထုတ်လွှင့်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့နဲ့အတူ ခိုင်မာစွာ ရပ်တည်ပေးကြတဲ့ မြန်မာနိုင်ငံက သံရုံးများနဲ့ နိုင်ငံများအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး မည်သည့်သတင်းအချက်အလက်မျှ ထုတ်ပြန်ခြင်းမရှိသလို မည်သည့်နေရာ၌ ထိန်းသိမ်းထားသလဲဆိုသည်ကိုလည်း မပြောဘဲ ဖမ်းဆီး ထားချိန်တွင် နိုင်ငံတကာ၏ တောင်းဆိုမှုအသံသည် အရေးကြီးကြောင်း ကင်မ်အဲရစ်က ပြောသည်။
“သားတစ်ယောက်အနေနဲ့ ကျနော့်မေမေနဲ့ ပတ်သက်ပြီး ဘာမှမသိရပါဘူး။မေမေ ဘယ်မှာရှိတယ် ဆိုတာလည်း မသိပါဘူး။သင်တို့ရဲ့ ထောက်ခံမှုဟာ နိုင်ငံရေးဆိုင်ရာတင် မဟုတ်ပါဘူး။လူသားဆန် မှု အပြည့်ရှိပါတယ်။ဒါဟာ မြန်မာနိုင်ငံက ပြည်သူတွေအတွက်လည်း တစ်ယောက်တည်းမဟုတ်ဘူးလို့ အသိပေးရာ ရောက်ပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ပေးကြရန်လည်း ကင်မ်အဲရစ်က တိုက်တွန်းသည်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရန် All In One Piece Movement က ပြုလုပ်နေသော Proof Of Life ကမ်ပိန်းကို ပြည်တွင်း၊ ပြည်ပမှ ပြည်သူများစွာ ထောက်ခံပါဝင်နေကြသည်။
ဧပြီ၂၂ရက်တွင် နေပြည်တော်၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် သမ္မတတုမင်းအောင် လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာထားကြောင်းနှင့် ကောင်းမွန်သည့်အခြေအနေ တစ်ခု ဖြစ်လာရန် ချင့်ချိန်စဥ်းစားနေကြောင်း ပြောကြားခဲ့သည်။
