ကမ္ဘာကျော် Alibaba အုပ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Shop.com (Shop App MM) မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း ယိမ်းယိုင်လာသည့် မြန်မာ့စီးပွားရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) တို့၏ ကျရှုံးမှုကို ပြသသည့် သင်္ကေတတစ်ခု ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
၂၀၁၂ ခုနှစ်မှစတင်ကာ မြန်မာ့အွန်လိုင်းဈေးကွက်ကို ဦးဆောင်ခဲ့သည့် Shop.com သည် လာမည့် ဧပြီလ ၂၉ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်တွင် ၎င်း၏ နောက်ဆုံးအော်ဒါများကို လက်ခံပြီး လုပ်ငန်းရပ်နားတော့မည်ဖြစ်ကြောင်း Daraz Myanmar Company Limited က ယမန်နေ့(ဧပြီ ၂၇ရက်)တွင် ထုတ်ပြန်ခဲ့သည်။
“Shop.com ဟာ အဲဒီစနစ်ကို တည်ဆောက်ခဲ့ပေမယ့် ငွေကြေးတန်ဖိုး မတည်ငြိမ်မှု က အဓိက လူသတ်သမား ဖြစ်ခဲ့ပါတယ်။ ဒီနေ့ ပစ္စည်းတစ်ခုကို ၁၀,၀၀၀ နဲ့ ရောင်းလိုက်ပေမယ့် နောက်တစ်ပတ်မှာ အဲဒီပစ္စည်းကို ပြန်ဝယ်ဖို့ အရင်းက ၁၂,၀၀၀ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဘယ်လို စနစ်တကျ ကုမ္ပဏီမျိုးမှ ရေရှည် ရပ်တည်ဖို့ မလွယ်ဘူးလို့ မြင်ပါတယ် ” ဟု မြန်မာ့စီးပွားရေးလေ့လာနေသူတစ်ဦးကဆိုသည်။
၂၀၁၈ ခုနှစ်တွင် Alibaba က Daraz Group ကို ဝယ်ယူခဲ့ပြီးနောက် Shop.com သည် မြန်မာ့ E-commerce လောကတွင် အင်အားအကောင်းဆုံး ပလတ်ဖောင်းဖြစ်ခဲ့သော်လည်း ယခုအခါ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကုမ္ပဏီကြီးတစ်ခုပင် လက်လျှော့သွားရသည့် အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“စနစ်ကျတဲ့ Shop.com လို App တွေအစား Facebook ကနေတစ်ဆင့် အပြန်အလှန် ယုံကြည်မှုနဲ့ ရောင်းကြတဲ့ အပြင်ဈေးကွက် ဘက်ကို လူတွေ ပြန်ရောက်သွားတာဟာ တိုင်းပြည်ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှုကို ၁၀ နှစ်လောက် နောက်ပြန်ဆွဲလိုက်သလို ဖြစ်သွားတာပါ “ဟု မြန်မာ့စီးပွားရေးလေ့လာနေသူတစ်ဦးကဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေးကဏ္ဍမှ Telenor၊ စွမ်းအင်ကဏ္ဍမှ TotalEnergies၊ Chevron၊ Woodside Energy ၊ ENEOS စသည့် အနောက်နိုင်ငံ ကုမ္ပဏီကြီးများနှင့် ဂျပန်ကုမ္ပဏီကြီးများ ဆက်တိုက်ထွက်ခွာခဲ့ပြီးနောက် ယခုအခါ နည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍမှ အဓိကကျသော Alibaba လက်အောက်ခံ လုပ်ငန်းပါ ထပ်မံထွက်ခွာသွားခြင်းဖြစ်သည်။
အချက်အလက်များအရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် ဆန်းပိုင်းအထိ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း နှစ်သောင်းခွဲထက်မနည်း လုပ်ငန်းရပ်နားခြင်း သို့မဟုတ် မှတ်ပုံတင်ဖျက်သိမ်းခြင်းများ ကြုံတွေ့ခဲ့ရသည်။
၎င်းတို့အထဲတွင် အခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်း၊ အထည်ချုပ်နှင့် ဆိပ်ကမ်းစီမံကိန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများစွာ ပါဝင်နေသည်။
“Alibaba လို ကမ္ဘာကျော် ကုမ္ပဏီကြီးတစ်ခုကတောင် မြန်မာပြည်ကနေ ဆုတ်ခွာသွားတယ်ဆိုတာဟာ ကျန်ရှိနေသေးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ဒီဈေးကွက်ဟာ အခုလောလောဆယ် အလုပ်မဖြစ်တော့ဘူးဆိုတဲ့ သတင်းစကားကို ပြတ်ပြတ်သားသား ပေးလိုက်တာပါ။ ဒါဟာ အနာဂတ်မှာ FDI ပြန်ဝင်လာဖို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်သွားပါလိမ့်မယ် ” ဟု ရန်ကုန်အခြေစိုက်စီးပွားရေးသမားတစ်ဦးက ဆိုသည်။
Shop.com ဘက်ကမူ ဤဆုံးဖြတ်ချက်သည် လွယ်ကူစွာ ချမှတ်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် ရှိနှင့်ပြီးသား အော်ဒါများ၊ ငွေပေးချေမှုများနှင့် ပစ္စည်းပြန်လည်ပေးပို့မှုများကို တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်ပေးသွားမည်ဟု ဆိုသော်လည်း၊ ဤဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရင်းနှီးမြှုပ်နှံမှုများ ရေရှည်ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်း ပြသနေသည့် အချက်ပြမှုတစ်ခုပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အနောက်နိုင်ငံများ၏ ဒေါ်လာသန်းရာချီ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားခြင်းနှင့်အတူ ယခုကဲ့သို့ အာရှအခြေစိုက် နည်းပညာကုမ္ပဏီကြီးများပါ ခြေလှမ်းဆုတ်လာခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးအနာဂတ်အတွက် စိုးရိမ်စရာ အခြေအနေတစ်ရပ် ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြသည်။
