ဒဏ်ရာတွေကို ကုသရင်း ကလေးငယ်တွေရဲ့ အိပ်မက်တွေကို ပျိုးထောင်ပေးသူ

အညာဒေသတစ်နေရာက စနေနေ့တိုင်းဖွင့်သည့် စာကြည့်တိုက်လေးထဲမှာ ကာတွန်းစာအုပ်ဖတ်နေကြသည့် ကလေးငယ်များ၊ ပန်းချီဆွဲနေသည့် ကလေးငယ်များ တရုန်းရုန်းကြားထဲတွင် ပြုံးပျော်ရင်း သင်ကြားလမ်းညွှန်နေသူမှာ CDM သူနာပြုဆရာမတစ်ဦးဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ဆရာမနှင်းရီသန့် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ ပဋိပက္ခ၊ မလုံခြုံမှုအခြေအနေများအပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် လူဦးရေ ၃ ဒသမ ၅ သန်းကျော်၏ သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်သည်ဟု UNICEF Myanmar က ထုတ်ပြန်ထားလေသည်။

တိုင်းပြည်၏ အနာဂတ်ဟု ဆိုကြသည့် ကလေးသူငယ်များသည် စစ်ပွဲများကြားတွင် ကျန်းမာရေး၊ ပညာရေးမှာလည်း အစစအရာရာ နိမ့်ပါးလာသလို သင်ကြားရေးအခွင့်အလမ်းများသည်လည်း တဖြည်းဖြည်းနှင့် ပျောက်ဆုံးလာခဲ့ပြီ ဖြစ်သည်။

ဒီလိုအခြေအနေမှာ CDM သူနာပြုဆရာမတစ်ဦးလည်း ဖြစ်သည့်အလျောက် တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့် ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့်အပြင် ကလေးငယ်များအတွက် စာကြည့်တိုက်ငယ်လေးတစ်ခု ဖွင့်လှစ်ထားသည့် ဆရာမနှင်းရီသန့်၏ လုပ်ရပ်မှာ ကြည်နူးဖွယ်အတိ ဖြစ်ပေသည်။

ဆရာမနှင်းရီသန့်သည် စစ်အာဏာမသိမ်းခင်က အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတီဘီဆေးရုံတွင် တာဝန်ကျနေခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် CDM ဝင်ခဲ့ပါသည်။

“အာဏာသိမ်း စစ်ကော်မရှင်အောက်တော့ ဆက်အလုပ်မလုပ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ CDM လုပ်ခဲ့ပါတယ်။ အညာဘက်ကို ဘာလို့ရွေးခဲ့သလဲဆိုရင် အသိတွေကနေတစ်ဆင့် ဆေးရုံတစ်ခုမှာတော့ ထပ်တိုးချဲ့မှာတွေရှိနေလို့ ဆရာမလိုတယ်ဆိုလို့ ရောက်ခဲ့ပါတယ်” ဟု CDM ဝင်ဖြစ်ခဲ့ပုံကို ဆရာမနှင်းရီသန့်က ပြန်ပြောင်းပြောပြသည်။

ကျန်းမာရေးပိုင်းဆိုင်ရာ လုပ်ငန်းခွင်တွင် လုပ်ကိုင်ရသည်မှာ အခက်အခဲမရှိသော်လည်း စစ်ကော်မရှင်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ၊ စစ်တပ်၏ ဂျက်ဖိုက်တာနှင့် ပါရာမော်တာများ စသည့် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဗုံးခိုကျင်းထဲ ခဏတိုင်း ပြေးဝင်ရခြင်း၊ ဖိနပ်မပါဘဲ ပြေးရခြင်းများမှာလည်း အကြိမ်ကြိမ်အခါခါ ကြုံတွေ့နေရသဖြင့် ယခုအခါ အကျင့်ဖြစ်နေပြီဟု ဆိုသည်။

သူနာပြုဆရာမတစ်ဦးဖြစ်သည့်အလျောက် နေ့တိုင်းနီးပါး အသက်တစ်ချောင်း ရှင်သန်ရေးအတွက် ခွဲစိတ်ခန်းထဲတွင် လူ့အသက်များကို ကယ်တင်နေသော်လည်း တစ်ဖက်တွင် စနေနေ့တိုင်းဖွင့်သည့် စာကြည့်တိုက်ငယ်လေးကို “အဖြူ” ဆိုသည့် သူငယ်ချင်းမလေးနှင့်အတူ အစပြု၍ ဖွင့်လှစ်ခဲ့သည်။

“စနေနေ့ရဲ့ လူသေးသေးလေးများ” စာကြည့်တိုက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် စနေနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကလေး၊ လူကြီးမဆို စာအုပ်ဖတ်ချင်လာစေရန်နှင့် စာအုပ်ဖတ်ဖြစ်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာမနှင်းရီသန့်က ပြောပြသည်။

“စနေနေ့မှာ စာကြည့်တိုက်လေး စလုပ်ဖြစ်ပြီ၊ နီးစပ်ရာ ကလေးလူကြီးတွေကို တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ပြောပေးပါဦးလို့ ကလေးတွေစာသင်တဲ့ ဆရာမတွေကို တစ်ဆင့်စကားနဲ့ ပြောပေးခိုင်းတာမျိုးရော၊ အနားက ကလေးတွေကို ကိုယ်တိုင်ပြောပြတာမျိုးနဲ့ စည်းရုံးရတာတော့ မခက်ခဲ့ပါဘူး” ဟု ဆရာမနှင်းရီသန့်က ပြောပြသည်။

စာကြည့်တိုက်လေးသည် စနေနေ့တိုင်း အရွယ်စုံ၊ အတန်းစုံမှ ကလေးငယ်လေးများဖြင့် စည်ကားနေတတ်ပြီး စာအုပ်ဖတ်သည့်ကလေးများ၊ ဆေးရောင်စုံခြယ်ကြသည့်ကလေးများ၊ ဖတ်ပြီးသားအကြောင်းအရာများကို ပြန်ပြောပြနေကြသည့် ကလေးများ၏ အသံစာစာလေးများဖြင့် သက်ဝင်လှုပ်ရှားနေတတ်သည်။

“စာအုပ်ဖတ်ဝါသနာပါတဲ့ ကလေးလေးတွေက ပုံဆွဲပြီးအပြန် စာအုပ်တွေ ငှားသွားကြတယ်ရယ်။ ပန်းချီဆွဲတာက ပုံလေးတွေရှာပြီး Print ထုတ်ပေးတာ၊ အဲဒါလေးတွေကိုမှ သူတို့က အရောင်ခြယ်ကြတာရယ်။ အဲဒီလို မခြယ်ချင်တဲ့သူတွေဆို စာရွက်အလွတ်ပေးပြီး သူတို့ကြိုက်တဲ့ပုံဆွဲပြီး လာပြကြတာမျိုးလည်း ရှိတယ်ရယ်။ အချို့ရက်တွေဆို သူတို့ဖတ်ထားတဲ့ စာအုပ်အကြောင်း ပြောပြတာမျိုးဆို တစ်ယောက်က ပြောနေရင် အကုန်လုံးက နားထောင်ကြတာမျိုးရောပေါ့” ဟု စာကြည့်တိုက်လေးနှင့် ကလေးများ၏ စနေနေ့ တစ်ရက်တာလည်ပတ်ပုံကို ဆရာမနှင်းရီသန့်က ရှင်းပြသည်။

ထို့အပြင် “သူနာပြုက ကိုယ်ပျော်တဲ့အလုပ်၊ စာကြည့်တိုက်က ဆရာမလေးကတော့ ဝါသနာပါတဲ့အလုပ်ဆိုပေမဲ့ နည်းနည်းတော့ အော်ရတာပေါ့။ ဟိုဟာမလုပ်ရဘူး၊ သူငယ်ချင်းချင်း ဟိုလိုမပြောရဘူး၊ မပြောသင့်ဘူး၊ ဟိုလိုတအားမဆော့နဲ့ ထိခိုက်မယ် ဘာညာကအစပေါ့။ ပင်ပန်းတယ်ဆိုတာထက် ပျော်တာပါ” ဟု သူနာပြုဆရာမလေးအပြင် စာကြည့်တိုက်ဆရာမလေးလည်းဖြစ်သူ ဆရာမနှင်းရီသန့်က ကြည်နူးစွာ ပြောသည်။

ပိတ်ရက်မရှိသည့် ဆေးရုံအလုပ်များကြား မအားမလပ်ဖြစ်နေသည့်တိုင် စနေနေ့၏ လူသေးသေးလေးများကို အချိန်ပေးဖြစ်ခဲ့ပုံကိုလည်း ဆရာမနှင်းရီသန့်က ပြောပြသည်။

“အရေးပေါ်လူနာဆို အချိန်မရွေးကြည့်တယ်။ ကြားထဲမှာ ပြင်ပလူနာက သုံးရက်ကြည့်ကြတယ်။ ဂျူတီတွေ ခွဲပေးထားကြတယ်ပေါ့နော်။ အဲဒီမှာမှ စနေဆိုရင် နှင်းနှင်းက (ဆရာမနှင်းရီသန့်) စာကြည့်တိုက်ရှိတယ်။ ခွဲခန်းဘာညာရှိရင်တောင် မဝင်နဲ့ရတယ်၊ သွားစရာရှိတာသွားဆိုတာမျိုးပေါ့။ နယ်မြေအခြေအနေ တအားအုန်းဒိုင်းဝုန်းဒိုင်းဆိုရင်တော့ ကလေးတွေကို ကြိုပြောထားလိုက်တယ်၊ ဒီအပတ်တော့ မအေးသေးလို့ ပိတ်မယ်နော်လို့” ဆိုပြီး ပြောပြသည်။

လက်ရှိ ငါးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့် စစ်ဘေးဒဏ်များကြား အရွယ်နှင့်မမျှအောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို တွေ့ကြုံခံစားနေရသည့် ကလေးငယ်များအတွက် စာအုပ်တစ်အုပ်မှာ မမြင်ရသည့်ဒဏ်ရာများနှင့် မကြားခဲ့ရသည့်အသံများကို ကုသပေးနိုင်စွမ်းရှိသည့်အပြင်၊ အသစ်အသစ်များ လေ့လာသင်ယူရန်အတွက်လည်း ကလေးများ၏ အနာဂတ်တစ်ထောင့်တစ်နေရာတွင် အမှုန်အမွှားလေးတစ်ခုအဖြစ် တည်ရှိနေမှာ ဖြစ်သည်။

“စာကြည့်တိုက်တွေမရှိရင် ကလေးငယ်တွေဟာ လောကကြီးကိုမြင်ရတဲ့ ပြတင်းပေါက်တွေကို မြင်နိုင်စွမ်းတွေ လျော့နည်းလာမယ်။ ဖုန်းတစ်လုံးကနေ ကမ္ဘာကြီးကို မြင်နိုင်တွေ့နိုင် လေ့လာနိုင်ပေမဲ့ အသိပညာရော အတတ်ပညာရော၊ သုတ၊ ရသ အစုံကို စာအုပ်ထဲက ရစေချင်လို့ပါ” ဟု ဆရာမနှင်းရီသန့်က စာကြည့်တိုက်လေးမှတစ်ဆင့် ကလေးများ၏ အနာဂတ်အထိ ချိန်ထိုးပြောပြသည်။

ကလေးငယ်များအတွက် နွေးထွေးသည့် ကိုယ့်အိမ်၊ ကိုယ့်အသိုက်အမြုံလေးတွင် မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း နေထိုင်ရမည့် အချိန်ကာလကိုလည်း မြန်မြန်ရောက်ချင်နေကြပါပြီ။

“ကလေးတွေကို အပူအပင်ကင်းကင်းနဲ့ ကိုယ်တွေငယ်ငယ်က ကြီးပြင်းလာခဲ့ရသလို ပျော်စေချင်တယ်။ ပုံမှန်ကျောင်းတက်ချိန်တက်၊ ကစားတဲ့အချိန်ကစားပြီး လေယာဉ်မကြောက်ရ၊ ပါရာမော်တာမကြောက်ရ၊ လက်နက်ကြီးမကြောက်ရတဲ့နေ့တွေ အမြန်ဆုံးရောက်စေချင်ပါတယ်” ဟု ဆရာမနှင်းရီသန့်က ဆိုလိုက်ပါသည်။