မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်တပ်စခန်းမကျရေးအတွက် စစ်ကော်မရှင်တပ်က အပြင်းအထန် ခုခံကာကွယ်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း NUG အထူးတိုင်းစစ်ဌာနမှ သိရသည်။
ဘီးလင်းမြို့အရှေ့ဘက်အရပ်တွင် တည်ရှိသည့် ဝင်းတာပန်တပ်စခန်းကို ကရင် (KNLA) နှင့် PDF တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဧပြီလ တတိယအပတ်အတွင်း ဝိုင်းဝန်းပိတ်ဆို့ကာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဒီလေးကေစခန်းသိမ်းပြီးတော့ တဆက်တည်းမှာပဲ ၂ မိုင် ၃ မိုင်အကွာမှာ ရှိတဲ့ ဝင်းတာပန်စခန်းကို သိမ်းဖို့ ကြိုးစားနေတာပေါ့နော်။ အခုက သူတို့ စစ်တပ်က စစ်ကူလည်း ရောက်လာတော့ ဝင်းတာပန်စခန်း ပတ်ပတ်လည်မှာ ကာကင်းချထားတယ်။ ဒီဘက်အဖွဲ့က ဝင်သိမ်းဖို့လုပ်တော့ အဲဒီကအဖွဲ့နဲ့ တိုက်ပွဲက ပြင်းထန်နေတာပါ။” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာန ဒုတိယကွပ်ကဲမှူး၊ တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက MPA ကို ပြောသည်။
ဗိုလ်ကြီး ဥက္ကာလွင်နှင့် ဗိုလ်ကြီး ပြည့်စုံ ဦးစီးသည့် ဝင်းတာပန်တပ်စခန်းတွင် ကနဦး၌ အင်အား ၅၀ ဝန်းကျင်ဖြင့် တပ်စွဲထားခြင်းဖြစ်သည်။
လေးကေစခန်းကျပြီးနောက် ဧပြီလ ၁၃ ရက်ဝန်းကျင်ခန့်တွင် ခမရ (၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်သူ ဦးဆောင်သော အင်အား ၁၅၀ ပါသည့် အာကာစစ်ကြောင်းနှင့် အမှတ် (၉) တပ်ရင်းမှ အင်အား ၁၀၀ ကျော်ပါသော စစ်ကြောင်းတို့ဖြင့် စစ်ကူပို့ထားသည်။
သို့သော် စစ်ကူပို့လာသည့် လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကော်မရှင်ဘက်မှ ၃၀ ဦးနီးပါး သေဆုံးခဲ့ပြီး တော်လှန်ရေးအဖွဲ့များထံ လက်နက်ချအလင်းဝင်သူ ဒါဇင်နှင့်ချီ ရှိနေသည့်အတွက် လက်ရှိ ဝင်းတာပန်စခန်းတွင် အင်အား နှစ်ရာကျော်ဖြင့် တပ်စွဲထားနိုင်ကြောင်း ကိုအေးမင်းထွန်းက သုံးသပ်သည်။
လက်ရှိ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က အထိနာနေပြီး လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရှေ့ဆက်တိုးရန် အခက်ကြုံနေရကြောင်း ဘီးလင်းမြို့နယ်တွင် လှုပ်ရှားနေသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။
“ကိုယ့်ဘက်က အသာစီးရထားပေမဲ့ ဒီကောင်တွေက ရက်ဆက်ကို လေကြောင်းရော လက်နက်ကြီးရော ချနေတော့ ဝင်တိုးဖို့ ခက်နေတယ်ပေါ့။ ဒီကောင်တွေ အလင်းဝင်လာတာတင်မကဘူး၊ ထွက်ပြေးတဲ့ကောင်တွေလည်း မနည်းဘူး။ သေတဲ့ကောင်တွေဆို အလောင်းတောင် ကောက်မနိုင်ဘူး” ဟု ၎င်းက ပြောသည်။
ဝင်းတာပန်တပ်စခန်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ သထုံခရိုင်နယ်မြေ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဝင်းတာပန်ကျေးရွာအတွင်း တပ်စွဲထားသည့်အတွက် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူအချို့က ပြောသည်။
“ရှောင်တာဆိုရင် ဟိုလေးကေစခန်းသိမ်းတိုက်ပွဲကတည်းကပေါ့နော်။ အဲဒီနားက ရွာတွေက ရှောင်နေကြပြီး စခန်းသိမ်းပြီးတော့လည်း ရွာမပြန်လာကြရဲဘူး။ နောက်တော့ အခု ဝင်းတာပန်ဘက်မှာ တိုက်ပွဲထပ်ဖြစ်တော့ ထပ်ပြေးကြတာပေါ့။ ရွာထဲကို ပစ်ထည့်တာရော၊ ရွာထဲမှာ တပ်စွဲနေတာရောကြောင့် ရွာခံတွေက မနေရဲတာပေါ့။ လိုအပ်ချက်က များပါတယ်၊ ရာသီဥတုက အရမ်းပူတော့ နေထိုင်ဖို့ စားသောက်ဖို့ကအစ အများကြီး လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကော်မရှင်စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ရွာခံများကို ပေါ်တာဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်နေသည့်အပြင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်တစ်ရာနီးပါး ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိ လေးကေနှင့် ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲများကြောင့် မင်းစော၊ လေးကေ၊ မြစ်ကျိုး၊ ကြိုးဝိုင်း၊ ဝင်းတာပန် အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၁၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း KNU က ထုတ်ပြန်ထားသည်။
ထို့အပြင် ဧပြီလ ၁၂ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ရရှိထားသည့် ဘီးလင်းမြို့နယ် လေးကေစခန်းကို ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က ကြိုးစားနေသော်လည်း ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။
