SSPP/SSA က AA အဖွဲ့ကို ဘိန်းမျိုးစေ့များ လက်ဆောင်ပေးဟု အပုပ်ချတိုက်ခိုက်ထားသော သတင်းအမှား

SSPP/SSA အဖွဲ့က AA အဖွဲ့ကို ဘိန်းမျို့းစေ့များ လက်ဆောင်ပေးဟု စစ်တပ်လော်ဘီများ အပုပ်ချတိုက်ခိုက် ထားသော သတင်းအမှားပျံ့နှံ့နေသည်။

စစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၈ရက် နံနက် ၉နာရီတွင် “SSPP/SSA အဖွဲ့က AA ဝက်မဲကို ဘိန်းမျိုးစေ့ မျိုးကောင်းမျိုးသန့်များ လက်ဆောင်ပေး..

ရှမ်းမြောက်မှာ SSPP/SSA က မူးယစ်ဆေးချက်တယ်.. AA ကနိုင်ငံတကာကို ရောင်းတယ် ဖြန့်တယ်” ဟု (မူရင်းရေးသားမှု) AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/JFlmB

စစ်တပ်လော်ဘီဖြန့်ဝေထားသော ဓာတ်ပုံနှင့် အကြောင်းအရာကို MPA Fact-Check teamက အချက်အလက် စစ်ဆေးရာ သတင်းအမှားဖြစ်နေသည်။

သက်သေပြချက်

ဖြန့်ဝေထားသော ဓာတ်ပုံတွင် SSPP/SSA အရာရှိတစ်ဦးက ဒေါက်တာညိုထွန်းအောင်ကို အထုပ်တစ်ခု ပေးအပ်နေကြောင်း တွေ့ရသည်။

အဆိုပါ အထုပ်ပေါ်တွင် ULA/AA ဒုဥက္ကဌ ဒေါက်တာညိုထွန်းအောင် အား ဂါရဝပြုလက်ဆောင် ဟု ရေးသား ထားသည်။

ထပ်မံအတည်ပြုနိုင်ရန် ဓာတ်ပုံကို Google reverse image search ဖြင့် ရှာဖွေစစ်ဆေးကြည့်ရာ Mekong News Agencyက ဖော်ပြထားသော သတင်းဓာတ်ပုံနှင့် တူညီနေသည်။

အဆိုပါ သတင်းတွင် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်သည် SSPP/SSA က ဖွင့်လှစ်ထားသော အရာရှိသင်တန်းကျောင်းကို သွားရောက်၍ ကျောင်းအလုပ်မှုဆောင်များ၊ သင်တန်းတက်ရောက်နေသူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဧပြီ ၂၄ရက်တွင် SSPP/SSA ထူထောင်မှု နှစ် ၆၀ပြည့်အခန်းအနားကို တက်ရောက်ရင်း ထိုကဲ့သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းလင့်ခ် – https://bitly.cx/72kBb

သုံးသပ်ချက်

SSPP/SSA အဖွဲ့ တည်ထောင်ခြင်း နှစ် ၆၀ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် အဆိုပါ တပ်ဖွဲ့၏ အရာရှိ သင်တန်းကျောင်းသို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် သွားရောက်ခဲ့သည်။

ဒေါက်တာညိုထွန်းအောင်ကို SSPP/SSA တပ်ဖွဲ့ အရာရှိတစ်ဦးက ဂါရဝပြုလက်ဆောင် ပေးအပ်ခြင်းဖြစ် သည်။

အဆိုပါ ဓာတ်ပုံကို စစ်တပ်လော်ဘီများက ဘိန်းမျိုးစေ့များ လက်ဆောင်ပေးဟူ၍ အပုပ်ချကာ သတင်းအမှားဖြန့်ဝေ ထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။