ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါတံတားကို စစ်ကော်မရှင်တပ်က ပိတ်ထားသည်မှာ ခုနစ်လခန့် ရှိနေပြီဖြစ်ပြီး သွားလာနေသည့် ဆိုင်ကယ်နှင့် ကားသမားများထံမှ ပိုက်ဆံအလွန်အကျွံ တောင်းခံနေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် မနက် ၆ နာရီတွင် သီပေါတံတားကို စတင်ပိတ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈ ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးပေ။
သီပေါတံတား ပိတ်ခံရပြီးနောက် ဆိုင်ကယ်နှင့် ကားသမားများသည် စက်လှေဖြင့် ကမ်းကူးနေရပြီး ကမ်းကူးခအဖြစ် ကျပ်သုံးသောင်းမှ ငါးသိန်းအထိ ပေးဆောင်နေရကြောင်း သိရသည်။
“သီပေါတံတားက မဖွင့်ပေးတာ ကြာပြီ။ ကမ်းကူးခက တော်တော်များတယ်။ ဆိုင်ကယ်ဆိုရင် သုံးသောင်းကနေ ငါးသောင်းအထိ ပေးရတယ်။ အဲဒီမှာက ကားတွေတိုက်ရိုက် တင်တာမဟုတ်ဘူး။ လားရှိုးကနေလာတဲ့ကားဆိုရင် ဒီဘက်ကမ်းမှာ ချပေးပြီး လူနဲ့ ပစ္စည်းတွေကို စက်လှေနဲ့ သီပေါမြို့ဘက်ကမ်းကို ကူးပေးတယ်။ အဲဒီဘက်ခြမ်းမှာ စောင့်နေတဲ့ကားက ခရီးသည်တွေကို ပြန်တင်သွားတယ်။ ဒါပေမဲ့ ကားသမားတွေက ပိုက်ဆံမပေးရဘူးလားဆိုတာ မဟုတ်ဘူးနော်၊ အကုန်ပေးရတယ်။ တချို့ဆိုရင် နှစ်သိန်း၊ သုံးသိန်း ပေးရတယ်” ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကော်မရှင်တပ်သည် ကမ်းကူးခကို အလွန်အကျွံ တောင်းခံနေခြင်းကြောင့် ဆိုင်ကယ်သမား၊ ကားသမားများနှင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
“တချို့ကားသမားတွေက ကမ်းကူးခလည်း ပေးရတယ်၊ ခရီးသည်အတွက်လည်း ပေးရတာ ကြုံရတယ်။ တိမ်တောင်ဘက်ခြမ်းကို ကိုးကန့်အဖွဲ့ကို ပေးရတယ်၊ သီပေါမြို့ဘက်ခြမ်းကျတော့ စစ်ကော်မရှင်တပ်ကို ပေးရတယ်။ ပေါင်းလုပ်ပေါင်းစားနေကြတာပေါ့။ အခုက ကမ်းကူးခများတာ တစ်ခုရယ်၊ ပစ္စည်းခဏခဏ ပျောက်တာတစ်ခုရယ်ကြောင့် ကားသမားတချို့က လူမပါရင် ပစ္စည်းမတင်ပေးတော့ဘူး။ နယ်ဝေးကနေ မိဘတွေကို ပစ္စည်းပို့ချင်ရင်တောင် တော်တော်ခက်ခဲတယ်” ဟု ခရီးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
သီပေါတံတားကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့က အပြန်အလှန် ပိတ်ထားပြီးနောက် သီပေါမြို့ဟောင်းဘက်မှ ကမ်းကူးနေရသလို၊ အချို့သော ကားသမားများနှင့် ဒေသခံများမှာ တာလုံရွာဘက်မှတစ်ဆင့် SSPP တပ်ဖွဲ့ကို ကမ်းကူးခပေးကာ ဖြတ်သန်းနေကြခြင်း ဖြစ်သည်။
“အခုက ခရီးသည်ဖြစ်ဖြစ်၊ ကားသမားဖြစ်ဖြစ် ငွေအပို ဆောင်ကိုဆောင်ရတယ်။ ဥပမာ- ခရီးသည်ဆို အရင်က ကားခ တစ်သိန်းခွဲဆိုရင် အခုက ၂ သိန်းလောက် ဖြစ်နေပြီ။ ဒါတောင် လမ်းခရီး စားစရိတ် မပါသေးဘူးနော်။ ကျနော်တို့ ကားသမားတွေမှာက ဂိတ်ကြေးရှိတယ်၊ ဆီဖိုးရှိတယ်၊ ကားပြင်ဖို့လည်း ရှိသေးတယ်။ ကားမောင်းတယ်ဆိုတာ အရာရာ ဂရုစိုက်ရတယ်။ ခရီးသည် အဆင်ပြေအောင် လုပ်ပေးရမယ့် တာဝန်လည်း ရှိတယ်။ တချို့ဂိတ်တွေမှာ တအားရစ်တာမျိုးလည်း ကြုံရတယ်။ အခက်အခဲ အမျိုးမျိုးပါပဲ။ စားဝတ်နေရေးအတွက် ဘယ်လိုမှ မတတ်နိုင်ကြဘူး” ဟု ကားသမားတစ်ဦးက ပြောသည်။
ပြည်သူလူထု၏ အခက်အခဲများနှင့် အချိန်ကြန့်ကြာမှု လျှော့ချနိုင်ရေးအတွက် သီပေါတံတားကို သက်ဆိုင်ရာ တာဝန်ရှိသော လူကြီးများအနေဖြင့် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
