မြောက်ကိုရီးယားအစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် နယ်စပ်များကို ပိတ်ပစ်ခဲ့သည်။
ထိုသို့ နယ်စပ်ပိတ်ထားသည့် နောက်ဆက်တွဲနှစ်များအတွင်း နယ်စပ်တစ်လျှောက် လုံခြုံရေးကို ပိုမိုတင်းကျပ်လာခဲ့ကြောင်း သုတေသနနှင့် မီဒီယာအစီရင်ခံစာများက ဖော်ပြသည်။
ကမ္ဘာ့အဖိနှိပ်ဆုံး အစိုးရများထဲမှ တစ်ခုအဖြစ် ရှုမြင်ခံထားရသော မြောက်ကိုရီးယားတွင် ယင်းသို့ နယ်စပ်ပိတ်ဆို့မှုများကြောင့် ကာလရှည်ကြာဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပိုမိုဆိုးရွားလာကြောင်း အကျိုးအမြတ်မယူသော ရှေ့နေအဖွဲ့ဖြစ်သည့် Transitional Justice Working Group (TJWG) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာအရ နယ်စပ်ပိတ်လိုက်ပြီးနောက်ပိုင်း ၅ နှစ်နီးပါးကာလအတွင်း သေဒဏ်စီရင်ခြင်းနှင့် သေဒဏ်ချမှတ်ခြင်း အရေအတွက်မှာ နယ်စပ်မပိတ်မီ အလားတူကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် မြင့်တက်လာကြောင်း တွေ့ရှိရသည်။
ထို့ပြင် အဆိုပါကာလအတွင်း သေဒဏ်စီရင်ခံရသူ အရေအတွက်မှာလည်း သုံးဆကျော်အထိ တိုးလာကြောင်း တွေ့ရှိချက်များက ဆိုသည်။
အဆိုပါအဖွဲ့သည် မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာသူ ရာပေါင်းများစွာ၏ အချက်အလက်များနှင့် မီဒီယာအချို့ထံမှ အချက်အလက်များကို ရယူစုဆောင်းခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားတွင် လွတ်လပ်သောမီဒီယာ မရှိသလို နိုင်ငံတကာအဖွဲ့အစည်းများလည်း အနည်းငယ်သာ ရှိသည်။
အစီရင်ခံစာသည် လူပေါင်းရာနှင့်ချီ ပါဝင်ပတ်သက်နေသော သေဒဏ်စီရင်မှုနှင့် သေဒဏ်ချမှတ်မှု ဖြစ်စဉ်ပေါင်း ၁၄၄ ခုကို ခွဲခြမ်းစိတ်ဖြာခဲ့ခြင်း ဖြစ်သည်။
ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များသည် တောင်ကိုရီးယား ရုပ်ရှင်၊ ဇာတ်လမ်းတွဲနှင့် တေးဂီတများကို နားဆင်ကြည့်ရှုခြင်းကဲ့သို့သော ပြစ်မှုများအတွက် သေဒဏ်ပေးခြင်းကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
ပြင်ပယဉ်ကျေးမှု၊ ဘာသာရေးနှင့် “မိရိုးဖလာ ယုံကြည်ကိုးကွယ်မှု” (superstition) တို့နှင့် ဆက်နွှယ်သည့် သေဒဏ်ချမှတ်မှုများသည် နယ်စပ်ပိတ်ပြီးနောက်ပိုင်း ၂၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့သည်။
ခေါင်းဆောင် ကင်ဂျုံအန်းကို ဝေဖန်ခြင်းကဲ့သို့သော နိုင်ငံရေးပြစ်မှုများအတွက် သေဒဏ်စီရင်မှု သိသိသာသာ မြင့်တက်လာခြင်းမှာ အစိုးရအနေဖြင့် “ပြည်တွင်း၌ ကြီးထွားလာသော မကျေနပ်မှုများကို တုံ့ပြန်ခြင်း သို့မဟုတ် နိုင်ငံရေးအရ မကျေနပ်သူများကို နှိပ်ကွပ်ရန် နိုင်ငံတော်အဆင့် အကြမ်းဖက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်း” ကို ဖော်ပြနေခြင်းဖြစ်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။
သေဒဏ်စီရင်မှုများ၏ လေးပုံသုံးပုံနီးပါးကို လူမြင်ကွင်းတွင် ပြုလုပ်ခဲ့ပြီး အများစုမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သေဒဏ်စီရင်မှုများကို မြို့တော်ပြုံယမ်းရှိ နေရာအချို့အပြင် အသုံးမပြုတော့သော လေယာဉ်ကွင်းများ၊ မြစ်ကမ်းပါးများ၊ စိုက်ပျိုးရေးမြေများနှင့် မိုင်းတွင်းထွက် စွန့်ပစ်ပစ္စည်းများထားရာ ကွင်းပြင်များကဲ့သို့သော လူထုရှေ့မှောက် နေရာများတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားအစိုးရသည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သွားလာခွင့်များအပေါ် ပြင်းထန်စွာ ကန့်သတ်ခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲခံထားရသည်။
Korea Institute for National Unification ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ မြောက်ကိုရီးယားသည် နိုင်ငံရေးအကျဉ်းစခန်း လေးခုကို ဖွင့်လှစ်ထားပြီး လူပေါင်း ၆၅,၀၀၀ ခန့်အထိ ပြင်းထန်သော အလုပ်ကြမ်းများကို လုပ်ကိုင်စေလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြောက်ကိုရီးယား၏ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်မှုမရှိဘဲ ဖြစ်ရပ်များစွာတွင် ပိုမိုဆိုးရွားလာကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားကမူ ကုလသမဂ္ဂသည် ၎င်းတို့၏ အစိုးရယန္တရားကို ဖြိုဖျက်ရန် လူ့အခွင့်အရေးကို နိုင်ငံရေးအရ အသုံးချနေသည်ဟု စွပ်စွဲကာ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားသည်။
