အသက် ၁၈ နှစ်အောက်အရွယ် ၇၁ ဦး ၄ လအတွင်း စစ်အုပ်စုသတ်၍ အသက်ဆုံးရှုံး

ဓာတ်ပုံ-ကေအဲန်ယူ
ပုံစာ- ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်တွင် ယခုလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်ထားမှု မြင်ကွင်း။

စစ်အုပ်စု လက်ချက်ကြောင့် ၄ လအတွင်း အသက်၁၈နှစ်အောက်အရွယ် ၇၁ဦး အသက်ဆုံးရှုံးခဲ့ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့(ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတစ်ရက်မှ ယနေ့အထိ နိုင်ငံတစ်ဝန်းတွင် စစ်အုပ်စုလက်ချက်ကြောင့် အသက် ၂ လသားအရွယ် ယောကျာ်းလေးတစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် မိန်းကလေး ၃၃ဦးနှင့် ယောက်ျားလေး ၃၈ ဦး တို့ အသက်ဆုံးရှုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က အရပ်သားအသွင်ပြောင်းလိုက်ပေမဲ့ သူတို့ရဲ့ ဗီဇ အကြမ်းဖက်စိတ်ဓာတ်ကိုတော့ ဘယ် လိုမှ ပြောင်းလို့မရဘူးဆိုတာ သက်သေပြနေတာပေါ့။ပြီးတော့ မအလရဲ့ထုံးစံအတိုင်း ဘယ်နိုင်ငံတ ကာမှ ဂရုမစိုက်ဘူး။သတ်စရာရှိတာ သတ်မှာပဲလို့ မောင်းခတ်လိုက်တာပေါ့။သူတို့ဘာလုပ်လုပ် သူ တို့ကို အသိအမှတ်ပြုပေးဆိုပြီး တရုတ်ကို တိုင်းပြည်ထိုးအပ်ပြီး ထောက်ခံခိုင်းသလို လုပ်နေတာ” ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အဆိုပါ သေဆုံးသူများအနက် ပဲခူတိုင်းတွင် ၂၃ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။ သေဆုံးသူများအနက် ၄၅ ဦးမှာ စစ်အုပ်စု၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၅ ရက်တွင် စစ်တပ်၊ရဲနှင့်ပျူစောထီးတို့ပါဝင်သော စစ်ကြောင်းသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝါတော် ၄ ဝါရှိ ကိုရင်ဝိသုတ ဗုံးစထိမှန်ကာ ပျံလွန်တော်မူခဲ့ပြီး၊ Grade 10 ကျောင်းသား မောင်ကျော်ကိုကို (ခ) မောင်မြတ်သူရကျော်နှင့် Grade 2 ကျောင်းသား မောင်ဟိန်းညီညီထက်တို့လည်း ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း AAPPက ထုတ်ပြန်သည်။