ဖားကန့်တွင် စစ်တပ် ဖမ်းဆီးထားသော ဆေးရုံအုပ်နှင့် ပြည်သူအချို့ကို ပြန်မလွှတ်သေး

ဓာတ်ပုံ - Google & Naw Tu Awng Facebook
ပုံစာ - ဖားကန့်မြို့အဝင်ဆိုင်းဘုတ်နှင့် လုံးခင်းကျေးရွာအုပ်စုတစ်နေရာ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်တပ်က ဖမ်းဆီးထားသည့် ဆေးရုံအုပ်နှင့် ပြည်သူ အချို့ကို ပြန်မလွှတ်သေးကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာရှိ မိုင်ပုဂ္ဂလိကဆေးရုံမှ ဆေးရုံအုပ်နှင့် ပြည်သူအချို့ကို စစ်တပ်က ပြန်မလွှတ်သေးကြောင်း သိရသည်။

ဧပြီ ၂၁ရက်၊ ည ၇ နာရီခွဲတွင်ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာရှိ မိုင်ပုဂ္ဂလိ ကဆေးရုံကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံအုပ်ဒေါက်တာရာဇာထွန်းနှင့် ဆေးရုံဝန်ထမ်း ၂၄ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ဖားကန့်ရဲစခန်း၌ ချုပ်နှောင်ထားကာ ဧပြီ ၂၄ရက်က ဆေးရုံဝန်ထမ်း ၂၁ဦးအား ပြန်လွှတ်ပေးခဲ့ ကြောင်း လုံးခင်းကျေးရွာအုပ်စုနေ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ထံက သိရသည်။

” ‌ဒေါက်တာရာဇာထွန်းနဲ့ လူနာတစ်ဦးရယ်၊ လူနာစောင့်၂ဦးရယ်ကို ဆက်အဖမ်းခံထားရတုန်းပဲ။ ဘာ ကြောင့်ဆက်ဖမ်းထားလဲတော့ မသိရပါဘူး။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိတော့ မဟုတ်ပါဘူး။ ဖားကန့်ရဲစခန်းမှာပဲ ချုပ်ထားဆဲပါ။ ဒီနေ့ထိ အမှုဖွင့် ရုံးထုတ်တော့ မရှိသေးဘူး” ဟု ၎င်းကပြော သည်။

ဧပြီ ၂၁ရက်ညမှာပင် ယင်းရွာရှိ ဥရုဆွတ်အိန်တည်းခိုခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး တည်းခိုနေသူများကိုလည်း ဖမ်းဆီးခဲ့ကာ ဧပြီ ၂၄ရက်က ၅ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
” အဖမ်းခံရတာ တော်တော်တော့များတယ်။ ဘယ်လောက်ပါသွားလဲကို တိတိကျကျ မသိရတာဗျ။ ပြန်လွတ်တာက ကျား ၃ဦး၊ မ ၂ဦးပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။

မိုင်ပုဂ္ဂလိကဆေးရုံတွင် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအား ကုသပေးနေသည်ဟု စစ်တပ်က ယူဆပြီး ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်းဒေသခံများက ပြောကြားသော်လည်း MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

မိုင်ဆေးရုံကို ဝင်ရောက်စီးနင်းရာတွင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် ဇခုန်တိန့်ယိန်း ပြည်သူ့စစ်တို့ လည်း ပါဝင်နေကြောင်း သိရသည်။