တော်လှန်ရေးတပ် သိမ်းပိုက်ထားသော နယ်စပ်မြို့မောတောင်ကို စစ်တပ် ဗုံးကြဲ၊ လင်မယား ၂ ဦးသေဆုံး

ဓာတ်ပုံ- KNU မြိတ်-ထားဝယ်ခရိုင်
ပုံစာ- လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ။

တနင်္သာရီတိုင်း ၊ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို စစ်တပ်က တစ်ရက်အတွင်း ဗုံး ၁၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

ဧပြီ ၂၇ ရက်တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် မောတောင်မြို့အနီးရှိ သဲဖြူကျေးရွာအုပ်စုအတွင်း ၂ ကြိမ်နှင့် မောတောင်မြို့ပေါ် ရပ်ကွက်များအတွင်းသို့ ၄ ကြိမ် စုစုပေါင်း ၆ ကြိမ် ပေါင် ၃၀၀ ဗုံးများ ကြဲချခဲ့ပြီး အော်လီဂန်းဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့(ဧပြီ ၂၈ ရက်) ညနေပိုင်း၌ သတင်းထုတ် ပြန်သည်။

“ရဲဝင်းဦးက တပ်ချုပ်ဖြစ်ခါစဆိုတော့ သူ့ကျေးဇူးရှင်ဆရာ မင်းအောင်လှိုင်ကျေနပ်အောင် အလုပ်အ ရမ်းလုပ်ပြနေတယ်လို့ ထင်တယ်။အထူးသဖြင့် တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့မြို့တွေကို ပြန်သိမ်းနိုင်ရေးပေါ့။မသိမ်းနိုင်ရင်တောင် လေကြောင်းဗုံးကြဲတာ ခပ်များများလုပ်ပြီး ဒေသခံတွေ မနေနိုင်အောင် ဒုက္ခပေးတာမျိုးပေါ့”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ ပြောသည်။

ယင်းလေကြောင်းတိုက်ခိုက်မှု‌ကြောင့် ပြည်ဖြိုးထွန်း ကုမ္ပဏီ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း အလုပ်သ မားတန်းလျားအချို့ ထိခိုက်ပျက်စီးခဲ့ပြီး မြို့နေပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်း နေရကြောင်း သိရသည်။

မောတောင်မြို့ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး KNU မြိတ်-ထားဝယ်ခရိုင်ထံ MPAသို့ ဆက်သွယ်မေး မြန်းခဲ့ရာ ယနေ့ညပိုင်းအထိ ဆက်သွယ်၍ မရသေးပေ။

စစ်တပ်အနေဖြင့် နိုင်ငံတကာ၌ တရားဝင်မှုရရှိရန် ကြိုးပမ်းနေသော်လည်း လက်တွေ့တွင်မူ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြသခြင်းထက်ပိုသော လက်တွေ့ကျသည့် အရေးယူ ဆောင်ရွက်မှုများ ချက်ချင်း အကောင်အထည်ဖော်ကာ လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် ထိရောက်သည့်တားဆီးကာကွယ်မှုများ လုပ်ဆောင်ရန်နှင့် စစ်တပ်၏ ထင်ရှားသော ဥပဒေချိုးဖောက်မှုများကို မတားဆီးဘဲ နှုတ်ဆိတ်နေခြင်းသည် အကြမ်း ဖက်မှုများ ပိုမိုကျူးလွန်လာစေရန် အားပေးကူညီရာ ရောက်မည်ဖြစ်ကြောင်း ကေအဲန်ယူက ထုတ် ပြန်ထားသည်။

မောတောင်မြို့ကို KNLAနှင့်တော်လှန်ရေးပူးပေါင်းတပ်တို့က ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၄ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။