စစ်တပ်က ERO နှင့် မြေပြန့်တော်လှန်ရေးတပ်များ၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းနေ

ဓာတ်ပုံ - တယ်လီဂရမ်
ပုံစာ-စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ထားသည့် မြို့နယ်အချို့အား တွေ့ရစဥ်

စစ်ကော်မရှင်အနေဖြင့် ERO နှင့် မြေပြန့်တော်လှန်ရေးတပ်များ၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ ဒီဇင်ဘာလအထိ မန္တလေးတိုင်းအတွင်းရှိ သပိတ်ကျင်း၊ မတ္တရာနှင့် စဥ့်ကူးမြို့နယ်၊ ယခုနှစ် မတ်လအတွင်း၌ တကောင်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းသို့ တိုးဝင်လာခြင်း ဖြစ်သည်။

“မန္တလေး၊ တကောင်းသိမ်းပြီး စစ်ကိုင်းအထက်ထိကို ဘယ်လောက်မှ မကြာလိုက်ဘူး။ တော်လှန်ရေးတပ်တွေဘက်က ခံစစ်အခိုင်အမာ ပြင်ရမယ်ဗျ။ ပေးလိုက်ရတဲ့နယ်မြေတွေထက် လက်ရှိ ရှိထားတဲ့ နယ်မြေတွေကို သေချာစီမံရမယ်။ စစ်တပ်ကလည်း သူလုပ်စရာရှိတာ လုပ်နေမှာပဲ။ စစ်တပ်ဘက်က လေကြောင်း အလွန်အကျွံ သုံးပြီး အောက်က အလုံးအရင်းနဲ့ဝင်ရင် ပေးလိုက်ရတာပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့၌ စစ်အင်အား ၅၀၀ ကျော်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေပြီး ပုလဲမြို့နယ်ရှိ ရင်ပေါင်တိုင်ကျေးရွာတွင်လည်း တပ်စွဲနေထိုင်ခဲ့သည်။

“ရင်ပေါင်တိုင်မှာ စစ်တပ်ဝင်ထိုင်သွားတာ ရက်တော်တော်ကြာတယ်၊ မနေ့က (ဧပြီ ၂၇ ရက်) ဆင်စွယ်ရွာမှာ ပေါင်းသွားပြီ။ ရင်ပေါင်တိုင်က အချက်အချာကျတဲ့ ရွာပါ။ တခြားရွာတွေက စစ်ရှောင်လည်း ရင်ပေါင်တိုင်ရွာတဝိုက်ကို ရှောင်ကြတာ များတယ်။ ပုလဲနယ်ထဲမှာက တိုက်ပွဲတွေက ရှိတယ်၊ သက်ဆိုင်ရာတွေက ထုတ်ပြန်မှ တိတိကျကျသိရမှာပါ” ဟု ပုလဲမြို့နယ်မှ ထောက်ပို့လုပ်ငန်း လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် ဧပြီလ တတိယပတ်မှစ၍ စစ်ကော်မရှင်၏ အင်အား ၃၀၀ ဝန်းကျင်ပါရှိသည့် စစ်ကြောင်းဝင်ရောက်မှုကြောင့် ယင်းမာပင်မြို့နယ်နှင့် ထိစပ်လျက်ရှိနေသည့် ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ရှိ ချောင်းမ၊ သင့်ဝံ၊ မင်းမ၊ သမင်ခြံကျေးရွာတို့မှ ဒေသခံများမှာလည်း စစ်ရှောင်နေကြရသည်။

“ချောင်းမဆိုရင် ဒီမနက် အင်အား တစ်ထောင်နဲ့ စစ်ကြောင်းဝင်ပြီ။ အရင်က တိုက်ပွဲဖြစ်လိုက်၊ စစ်တပ်ကနောက်ဆုတ်လိုက် ပြီးတော့ စစ်ကြောင်းပြန်ထိုးနဲ့ ဖြစ်နေတာ။ ချောင်းမရွာက မုံရွာ – ကလေးဝလမ်းပေါ်မှာ ရှိတော့ အချက်အချာကျနေတာပါ” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့နောက် စစ်ကော်မရှင်က စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်မြို့ကို ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် ကသုံးလုံးခရိုင်အတွင်းရှိ ကသာမြို့နယ်တွင်လည်း ဧပြီလဆန်းပိုင်းမှစ၍ စစ်အင်အားဖြည့်တင်းလျက်ရှိနေပြီး မြို့အဝင်အထွက်လမ်းမများအပြင် ကွင်းလမ်းများကိုလည်း ပိတ်ဆို့ထားသည်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အင်းတော် – ကသာလမ်းပိုင်းတွင်လည်း နှစ်ဖက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

“ထီးချိုင့်ကနေ အပေါ်ကို တိုးလာတာ။ နဘားလမ်းဆုံ၊ မြို့အဝင်အထွက်တွေမှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်။ မနေ့ကတော့ (ဧပြီ ၂၇ ရက်) အင်းတော်ကို စစ်တပ်ဝင်သွားပြီလို့ သိရတယ်။ ဒီမနက်လည်း တိုက်ပွဲဖြစ်နေတယ်။ စစ်ရှောင်တွေကတော့ ရှောင်ပြီးရင်း ရှောင်နေရတာပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်းမြို့နယ်မှတစ်ဆင့် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးရှိ တော်လှန်ရေးတပ်များ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်နေ၍ ယခင်ကဲ့သို့ မလွယ်ကူတော့ဘဲ ရှမ်းမြောက်နှင့် အညာဒေသကို ကူးသန်းသွားလာရာ၌ ခက်ခဲလာသည်။

“ရှမ်းမြောက်နဲ့ အညာဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို စစ်တပ်က ဖြတ်တောက်နေတာပေါ့။ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်၊ စစ်ကြောင်းအင်အားတွေကလည်း များတယ်။ အန္တရာယ်အရမ်းများတာပေါ့။ အရင်ကလို ရှမ်းမြောက်ကို တက်လို့မရတော့ဘူး” ဟု ကုန်သည်တစ်ဦးက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်၌ စစ်ကော်မရှင်၏ တပ်ချုပ်အသစ်ဖြစ်လာသည့် ရဲဝင်းဦးက မကွေးတိုင်းသို့ ရောက်ရှိခဲ့ပြီး ရခိုင်၊ ချင်းနှင့် ယောဒေသတို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု BBM သတင်းဌာန၌ ဖော်ပြထားသည်။

ထိုကဲ့သို့ ရဲဝင်းဦးရောက်လာပြီးနောက် ဧပြီ ၂၃ ရက်၌ ချင်းပြည်နယ်ရှိ ဖလမ်းမြို့နယ်ကို မြေပြင်နှင့် ဝေဟင်အင်အား အလွန်အကျွံအသုံးပြု၍ ပြန်လည်သိမ်းပိုက်ခဲ့ပြီး မင်းတပ်မြို့ကို ထပ်မံသိမ်းပိုက်ရန်လည်း စစ်တပ်လော်ဘီများက ဝါဒဖြန့်ချိနေကြသည်။

ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်က ရခိုင်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်၊ မင်းတပ်မြို့နှင့် ယောဒေသတို့ကို ဆက်သွယ်ထားသည့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းရှိ ကံကြီးကျေးရွာ၌လည်း တပ်စွဲနေထိုင်နေပြီး ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ရန် ပြင်ဆင်နေကြသည်။

“အခုကတော့ ဆော – မင်းတပ် ကားလမ်းပိုင်းကို ပိတ်ထားတယ်။ ကံကြီးမှာ အင်အား ၂၀၀ ကျော် ထိုင်ထားတယ်။ လေကြောင်းကတော့ အရင်ကထက် ပိုဂရုစိုက်နေရမှာပေါ့” ဟု ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်၊ ဧပြီ ၁၇ ရက် နှစ်ဦးသဝဏ်လွှာ၌ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ကွပ်ကဲမှုအောက်၌ တစ်နိုင်ငံလုံး လွှမ်းခြုံသည့် စစ်မဟာဗျူဟာတစ်ရပ် ရေးဆွဲသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုထားသည်။