သထုံမြို့ပေါ် ညဦးပိုင်း သွားလာနေသူများကိုပင် စစ်တပ် ပေါ်တာဆွဲနေ

ဓာတ်ပုံ-Greeting from Myanmar

မွန်ပြည်နယ်၊ သထုံမြို့ပေါ်တွင် ညဦးပိုင်း လမ်းမပေါ်တွေ့သူများကိုပင် စစ်တပ်က ပေါ်တာဆွဲနေ ကြောင်း သိရသည်။

သထုံမြို့ပေါ်တွင် ည၈နာရီနောက်ပိုင်းမှစတင်ကာ လမ်းမပေါ်သွားလာနေသော ဆိုင်ကယ်များကို တွေ့ပါက စစ်တပ်လှည့်ကင်းကားက လူရောဆိုင်ကယ်ပါ ဖမ်းဆီး၍ စစ်မှုထမ်းထဲသို့ ပို့ဆောင်နေ ကြောင်း မွန်ပြည်နယ်ပကဖ ထံက သိရသည်။

“အရင် ၂လ၊၃လလောက်က ညဘက် အိမ်ထဲထိဝင်ဆွဲတာမျိုးရှိတယ်။အခု အိမ်ထဲထိ ဝင်မဆွဲပေမဲ့ ညဘက် လမ်းပေါ်တွေ့ရင် တွေ့တဲ့သူတိုင်းကို ကျား၊မ မရွေးဖမ်းတယ်။များသောအားဖြင့် ညဘက် ကျတော့ ယောကျာ်းလေးတွေပဲ ထွက်ကြတာဆိုတော့ သူတို့ပဲ အဖမ်းခံနေရတယ်”ဟုမွန်ပြည်နယ်၊ ပကဖ၊ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။

ညဘက် လှည့်ကင်းကားနှင့်တိုးသဖြင့် ဖမ်းဆီးခံရပြီးနောက် ပိုက်ဆံနှင့်ရွေး၍ ပြန်လွတ်လာသူများ ရှိ သည်ဟု မကြားမိသေးကြောင်း ၎င်းကဆိုသည်။
“ကျနော်တို့ဆီ အကြောင်းကြားလို့ သိရတာက ၃လအတွင်း ၃၀လောက် ဖမ်းခံထိပြီးပြီ။ကျနော်တို့ကို အကြောင်းမကြားလို့ ကျနော်တို့မသိတာတွေလည်း ရှိနိုင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းသို့ ဖမ်းဆီးနေသဖြင့် ည၇နာရီကျော်လျှင်ပင် သထုံမြို့လမ်းမများပေါ် လူအသွားအလာမရှိသ လောက် ဖြစ်နေကြောင်း သထုံမြို့၊ဘင်လှိုင်ရပ်ကွက်သားတစ်ဦးက ပြောသည်။

“ည၈နာရီကျော်ရင်ကို ကျနော်တို့ မြို့စွန်ရပ်ကွက်တွေက မီးပိတ်ပြီး အိပ်ကြပြီ။မီးဖွင့်ထားရင် ခွေး(စစ်သား)တွေ ဝင်လာပြီး ရစ်တာတွေ ရှိတယ်။အခန့်မသင့်ရင် ဖမ်းမှာလေ။သူတို့ဖမ်းရင်မလိုက်ဘူးပြောရင် အသတ်ခံရမှာဆိုတော့ စောစောမီးပိတ်တာ အန္တရာယ် ကင်း တယ်”ဟု ၎င်းက ပြောသည်။
နေ့ခင်းဘက်တွင်မူ သထုံမြို့ပေါ်၌ အဖမ်းအဆီးမရှိကြောင်းလည်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့ပေါ်တွင်လည်း ညဘက် လှည့်ကင်းကားများဖြင့် ပေါ်တာဆွဲ ခြင်းမျိုး ရှိသော်လည်း သထုံမြို့ပေါ်ကဲ့သို့ မပြင်းထန်တော့ကြောင်းနှင့် ချောင်းဆုံတွင်မူ မြို့ပေါ်ရော ကျေးလက်မှာပါ ပေါ်တာလုံးဝမဆွဲဖူးသေးကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။