စစ်အုပ်စု နှုတ်ထွက်စကား ဘာဆိုဘာမှ မယုံရဟု ကုလရင်ပြင်တွင် သံအမတ်ကြီး ဖွင့်ချ

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
ပုံစာ-ဧပြီ၂၈ရက်တွင် မိန့်ခွန်းပြောနေသော သံအမတ်ကြီး။

စစ်အုပ်စု၏ စကား၊ ကတိကဝတ်နှင့် ဆောင်ရွက်မှုများကို မည်သည့်အခါမျှ ယုံကြည်ရန် မဖြစ်နိုင် ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလရင်ပြင်တွင် ပြောကြားလိုက်သည်။

နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ ၂၀၂၆ ခုနှစ်၊ ပြန်လည်သုံးသပ် ရေးညီလာခံကို နယူးယောက်မြို့ရှိ၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီ၂၈ရက်၌ မိန့်ခွန်းပြောကြားစဉ် အ ထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သလို စစ်အုပ်စုနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အဓိက နိုင်ငံကြီးတစ်နိုင်ငံတို့ကြား နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်းလည်း ဆို သည်။

စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဆိုသည့်အပေါ် ယုံကြည်ရန် မဖြစ်နိုင်သလို ယခင်က ၎င်းတို့ဆောင်ရွက်ခဲ့သည့် ဓာတုလက်နက်အစီအစဉ်များကို ဖုံးကွယ်ထားသည့် စစ်အုပ်စုသည် နျူကလီးယားအစီအစဉ်များတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို ပြသနိုင်မည်ဟု ယုံကြည်ရန်လည်း မဖြစ်နိုင်ကြောင်း သံအမတ်ကြီးက ပြောသည်။

“ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက ၂၀၂၀ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပါ တယ်လို့ ပြောပေမဲ့ မင်းအောင်လှိုင်က NLD မဲလိမ်ပါတယ်ဆိုပြီး ဗြောင်လိမ်တယ်။အာဏာသိမ်းတာ ကိုလည်း အာဏာထိန်းပါတယ်ဆိုပြီး ဒီနေ့ထိ လိမ်နေတဲ့စစ်ဗိုလ်ချုပ်တွေရဲ့စကားကို ချေးငုံပြော တောင် ယုံနိုင်စရာ မရှိဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြော သည်။

ထို့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အပါအဝင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည့် စစ်အုပ်စုသည်နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency – IAEA) အာမခံချက်များကို လိုက်နာဆောင်ရွက်မည်ဟု ယုံကြည်ရန် မဖြစ်နိုင်ကြောင်းနှင့် ဒေသတွင်းနိုင်ငံများနှင့် အဖွဲ့အစည်း များ၏သိက္ခာ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ဖျက်ဆီးနေသည့် စစ်အုပ်စုအား မည်သည့် နျူကလီးယားပူးပေါင်း ဆောင်ရွက်မှုတွင်မဆို ယုံကြည်စိတ်ချ ရသည့် မိတ်ဖက်တစ်ဦးအဖြစ် သ ဘောထားရန် မဖြစ်နိုင်ကြောင်း သံအမတ်ကြီးက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည် တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ်ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိသည့်အချိန်မှသာလျှင် မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ မည်သည့် ပူးပေါင်းဆောင်ရွက်မှုကိုမဆို ပေးအပ်သင့်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောသည်။