ရက်၁၀၀စီမံချက်အတွင်း မွန်ပြည်နယ်တစ်ခုလုံး မှောင်အတိကျအောင် တရားမဝင်အစိုးရသစ်က စွမ်းဆောင်ရည်ကောင်းများ ပြသနေကြောင်း သိရသည်။
အာဏာသိမ်းစစ်အုပ်စု၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၂၂ ရက်၊ ညနေ ၃နာရီမှ စတင်ကာ ရန်ကုန်မြို့ကို နာရီ၂၀၊ မန္တလေးမြို့ကို ၁၈နာရီနှင့် အခြားပြည်နယ်နှင့် တိုင်း တို့ကို ၁၄နာရီအထိ မီးပိုပေးမည်ဟု ကြေညာခဲ့ပြီး တရားမဝင်မွန်ပြည်နယ်အစိုးရကလည်း ရက်၁၀၀ စီမံချက်အဖြစ် ယခင်ကထက် လျှပ်စစ်မီး ၂နာရီပိုပေးမည်ဟု ဆိုထားသော်လည်း လက်ရှိမော်လမြိုင်မြို့ပေါ်၌ မီး လာချိန်မှာ ၃နာရီဝန်းကျင်သာ ရှိကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရ သည်။
“ပိုဆိုးတာက မီးဘယ်အချိန်ပေးပါမယ်ဆိုတာကို မပြောနိုင်တာပဲ။အာဏာရှင်တွေရဲ့စတိုင်ပေါ့။လာ ချင်တဲ့အချိန် လာမယ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့အပေါက်မျိုး လုပ်နေတာ။အရင်က ၄နာရီ လောက်လာသေးတယ်။ ၂နာရီပိုလာမယ်ဆိုရင် ၆နာရီလောက် လာမလားပေါ့။အခု တစ်နေ့ကို တချို့ ရပ်ကွက်က ၂နာရီပဲ လာတယ်”ဟု ၎င်းက MPAသို့ပြောသည်။
မော်လမြိုင်စက်မှုဇုန်နှင့် ငွေမိုးလုပ်ငန်းစုကို လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်၉၀၀နှုန်းဖြင့် မီးမှန် အောင် ပေးထားသောကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီးမရခြင်းဖြစ်ကြောင်း ဒေသခံ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက မော်လမြိုင်ဖေ့စ်ဘွတ်ခ်ဂရုဖ်တွင် ရေးသားထားသည်။
“စက်မှုဇုန်နဲ့ ငွေမိုးကို မီးပေးထားလို့ဆိုပြီး အရပ်ထဲ ပြောနေကြပေမဲ့ အတည်ပြုလို့တော့မရဘူး။ ငွေမိုးပိုင်ရှင်မိုးကျော်ဆိုတာကတော့ အရင်ဝန်ကြီးချုပ် အောင်ကြည်သိန်းနဲ့ ပေါင်းစားခဲ့တာတော့ ဟုတ်တယ်”ဟု၎င်းက ဆက်လက်ပြောသည်။
နေပြည်တော်က ၁၄နာရီအထိ မီးပေးမည်ဟု ပြောပြီး တရားမဝင်ပြည်နယ်အစိုးရက ၂နာရီ မီးပိုပေး မည်ဟု ရှေ့နောက်မညီသည့်စကား ပြောကြားခြင်းမှာ စစ်အာဏာရှင်တို့၏ စရိုက်လက္ခဏာဖြစ် ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ ချောင်းဆုံမှာတော့ အလွန်ဆုံးလာ ၂နာရီပါပဲ။အဲဒီ၂နာရီတောင် ဘယ်အချိန်လာပြီး ဘယ် အချိန်မီးသေမလဲ မသိလို့ အိမ်မှာ လူတစ်ယောက်က ထိုင်စောင့်နေရတယ်။မီးလာရင် ရေတင်ဖို့တို့၊ အားသွင်းဖို့တို့” ဟု ချောင်းဆုံမြို့အရှေ့ပိုင်းရပ်ကွက်သားတစ်ဦးက ပြောသည်။
သထုံမြို့ပေါ်တွင်လည်း မီးလာချင်သည့်အချိန်လာပြီး တစ်ရက်လျှင် ၃နာရီခန့်လာသည်ဟုထင် ကြောင်း သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးက ဆိုသည်။
