မိုးညှင်းတွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံး

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - နန်းမားမြို့အဝင် ဆိုင်းဘုတ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ၁၁ နှစ်အရွယ်ကလေးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၈ရက်၊ နံနက် ၁၀ နာရီခန့်က မိုးညှင်းမြို့နယ်၊ နန်းမားမြို့အခြေစိုက် အမှတ် ၃၈၅ အမြောက် တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ယင်းမြို့ပေါ်ရပ်ကွက်နှင့် တောင်အင်းကျေးရွာသို့ လက်နက်ကြီး ၃လုံး ကျရောက်ခဲ့ကြောင်း ဒေသခံတို့ထံကသိရသည်။

” တောင်အင်းရွာထဲကို လက်နက်ကြီး တစ်လုံးကျတယ်။ အဲဒီမှာ နေအိမ်ထဲရှိနေတဲ့ အသက် ၁၁နှစ် အရွယ် သမီးလေး တစ်ယောက် ပွဲချင်းပြီး ဆုံးတယ်။ နန်းမားမြို့ထဲကိုက ရွှေပြည်အေးရပ်ကွက်ထဲ လက်နက်ကြီး ၂လုံးကျတာ။ အိမ်ရှင်ဦးလေး ခေါင်းကိုထိပြီး ပွဲချင်းပြီးဆုံးသွားတယ်။ နာမည်က ဦးကျော်လှတဲ့။ အသက် ၅၀ နဲ့အထက်ပါ ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံအမျိုးသားတစ်ဦးက MPA ကို ပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် နန်မားမြို့၊ ရွှေပြည်အေးရပ်ကွက်ရှိ အခြား ပြည်သူ ၂ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဦးကျော်လှအိမ်နားကပဲ ထိကြတာက။ ၁၅၊ ၁၆ ဝန်းကျင် ကောင်လေးတစ်ဦး ခြေထောက် တစ်ဖက်ပြတ်သွားတယ်။ အသက် ၆၀ ကျော်အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်တယ်။ ၂ယောက်လုံး မြစ်ကြီးနားဆေးရုံပို့ထားရတယ်။ စိုးရိမ်ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဧပြီ ၂၈ရက်တွင်ပင် နန်းမားမြို့ထဲရှိ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ရွှေပြည်အေး ရပ်ကွက်ဘုန်းကြီးကျောင်းတို့၌ စစ်တပ်က ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ နန်းမားမြို့နှင့် ၉ မိုင်ခန့်အကွာတွင် အုန်းစံဆိုင်ကျေးရွာ တည်ရှိပြီး ယင်းရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၏ တပ်စခန်း ၂ခုကို ကေအိုင်အေနှင့် ပူးပေါင်းတပ်တို့က ဧပြီ ၂၃၌ သိမ်းပိုက်ခဲ့ပြီးနောက် မိုးညှင်းမြို့နယ်အတွင်း စစ်ရေးတင်းမာ နေကြောင်း သိရသည်။