တရုတ် ဒရုန်းကာကွယ်ရေးစနစ် အရေးကြီး စစ်တပ်စခန်းများတွင် တိုးချဲ့တပ်ဆင်နေ

ဓာတ်ပုံ-MDSI

တရုတ် Skyfend ကုမ္ပဏီထုတ် ဒရုန်းကာကွယ်ရေးစနစ်ကို အရေးကြီးသည့် တပ်စခန်းများနှင့် ရှေ့ တန်းခံစစ်စခန်းများတွင် စစ်ကော်မရှင်က တိုးမြှင့်တပ်ဆင်နေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့- MDSIထံက သိရသည်။

Skyfend ကုမ္ပဏီထုတ် ယင်းဒရုန်းကာကွယ်ရေးစနစ်တွင် Drone detector, Jammer, Drone Gun တို့ပါဝင်ပြီး နည်းပညာမြင့် GNSS Spoofer Anti-Drone System စနစ်မျိုးဖြစ်ကာ GNSS သည် တိကျမှုကောင်းသော Global Navigation Satellite System ဖြစ်ကြောင်း MDSI စစ်ဘက်သုတေသ နတာဝန်ခံ CDMဗိုလ်မှူးနောင်ရိုးက ဆိုသည်။

“နေပြည်တော် နဲ့ အခြား အရေးကြီးနေရာ၊ လေဆိပ်၊ ဌာနချုပ်တွေမှာ ဒရုန်းကာကွယ်ရေးစနစ်တွေ တပ်ဆင်ပေးထားတယ် သိရပါတယ်။ ရှေ့တန်း ခံစစ်တပ်စခန်းတွေမှာလည်း ဖြည်းဖြည်းချင်း တပ်ဆင်ဖြန့်ခွဲပေးလာတာ တွေ့ရပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။

Skyfend ဒရုန်းကာကွယ်ရေးစနစ်များ ကိုင်တွယ်အသုံးပြုပုံကို ရှေ့တန်းခံစစ်တပ်စခန်းများအထိ ဒရုန်းကျွမ်းကျင်အဖွဲ့က သွားရောက်ပြသပေးရသည်ဟု တပ်တွင်းသတင်းရင်းမြစ်များထံက သိရ ကြောင်း MDSI ကထုတ်ပြန်သည်။

“ကြားသိရသလောက် တော်လှန်ရေးအင်အားစုတွေသုံးတဲ့ ဒရုန်းကို အတော်လေး ကာကွယ်နိုင်တယ် ပြောပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်သည် တန်ပြန်စစ်ဆင်ရေးများတွင် ဒရုန်းကို ပိုမိုအလေးထား အသုံးပြုလာကြောင်းလည်း MDSIကဆိုသည်။

ဒရုန်းလေ့ကျင့် အသုံးပြုမှုသင်တန်းများကို တတက ၂ မိုးစွေ(အမှတ်၂ တပ်မတော် တန်းမြင့်လေ့ကျင့် ရေးသင်တန်းကျောင်း/ဥတ္တရသီရိ-မိုးစွေရွာ)၊ စခတ၃ ရမည်းသင်း( အမှတ်၃ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း-ရမည်းသင်း)နှင့် လသက တောင်ညို တို့တွင် စုဖွဲ့လေ့ကျင့်ပေးနေကြောင်း သိရ သည်။