မော်လမြိုင်မြို့ပေါ် လောင်းကစားဝိုင်းများကို လုံနယ်ဝန်ကြီးအစီအမံဖြင့် ဆက်လုပ်

ဓာတ်ပုံ-ပေးပို့
ပုံစာ-မော်လမြိုင်မြို့လယ်ခေါင်၊Shopping Mall နံဘေးတွင် ၂၀၂၅ခုနှစ်၊ဧပြီ၇ရက်က ပြုလုပ်နေသော လောင်းကစားတန်း။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် လောင်းကစားဝိုင်းများကို လုံနယ်ဝန်ကြီး၏ အစီအမံဖြင့် ဆက် လက်ပြုလုပ်နေကြောင်း သိရသည်။

ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်းက မျိုးစေ့ချပေးခဲ့သော မော်လမြိုင်မြို့တွင်း တရားဝင် လောင်း ကစားဝိုင်းများကို ဒေသတွင်းပြည်သူ့စစ်များအား ထောက်ပံ့ရန်ဆိုသည့် ခေါင်းစဉ် ဖြင့် တရားမဝင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကျော်စွာမြင့်က ဆက်လက်တာဝန်ယူ လုပ်ဆောင်နေကြောင်း ပြည်နယ်အစိုးရရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“ဗိုလ်မှူးကြီးကျော်စွာမြင့်က အရင်စစ်ကောင်စီကတည်းက လုံနယ်ဝန်ကြီးဆိုတော့ လောင်းကစား ဂွင်ကို ဆက်တာဝန်ယူတာ။လောင်းကစားလိုင်းကြေးတွေကို သူ့ဆီတိုက်ရိုက်ပေးရတယ်လို့ သိရ တယ်။ပြည်သူ့စစ်ရန်ပုံငွေဆိုပြီး ခေါင်းစဉ်တပ်ထားတယ်”ဟု ၎င်းက MPAသို့ပြောသည်။

မွန်ပြည်နယ်၏ မြို့တော်ဖြစ်သော မော်လမြိုင်မြို့တွင် လောင်းကစားဝိုင်း ဆက်လုပ်ခွင့်ရခြင်းသည် မွန်ပြည်နယ်အတွင်းရှိ အခြားသော မြို့များ၌လည်း ပြုလုပ်ခွင့်ရခြင်းပင်ဖြစ်ကြောင်း သိရသည်။

“သိရလောက် ပေါင်၊ကျိုက်မရော၊ချောင်းဆုံ၊ သထုံ အကုန်ရှိတယ်။တချို့နေရာတွေမှာဆိုရင် ဇာတ် ပွဲမသွင်းဘဲနဲ့ လောင်းကစားဝိုင်းသီးသန့် ဗြောင်လုပ်ကြတယ်”ဟု မော်လမြိုင်မြို့ခံလူမှုကူညီရေးသ မားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် စစ်တပ်မပြုတ်မချင်း လောင်းကစားဝိုင်းများ ရှိနေမည့်သဘောဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက်(တန်ဆောင်တိုင်လပြည့်နေ့)မှစတင်ကာ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် များတွင် ဘာသာရေးအထိမ်းအမှတ်တစ်ခုခုအကြောင်းပြချက်ဖြင့် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်း ခင်းခြင်းကို စတင်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုလက်ထက်၌ မော်လမြိုင်မြို့ကို မြန်မာ့ ပထမ လောင်းကစားမြို့အဖြစ် တည်ဆောက်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။

မွန်ပြည်နယ်အတွင်း ပြုလုပ်နေသော လောင်းကစားဝိုင်းများမှာ အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် အရုပ်လှည့်ခြင်းတို့ဖြစ်သည်။