ကျင်ဒွေး တံတားပြင်လုပ်ငန်းခွင်ကို စစ်တပ်ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးအပါအဝင် ၉ ဦးသေဆုံး

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - ကျင်ဒွေးမြို့အဝင်ဆိုင်းဘုတ်။ ( ပုံဟောင်း )

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ တံတားပြုပြင်ရေးလုပ်ငန်းခွင်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးအပါအဝင် ၉ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၉ရက် ၊ နံနက် ၁၀နာရီ ၁၅မိနစ်က ကျင်ဒွေးမြို့၊ မုန်းချောင်းတံတားအနီးတွင် တံတား ပြုပြင်ရေး လုပ်ဆောင်နေသည့် အရပ်သားပြည်သူများကို ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး၂လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကျင်ဒွေးမြို့ဘေးက မုန်းချောင်း တံတားပြင်နေကြတဲ့နေရာကို လာကြဲတာပါ။ ပြည်သူတွေက လုပ်အားလာပေးပြီး ပြင်နေကြတာ။ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသား ၈ ဦး စုစုပေါင်း ၉ဦးသေ ဆုံး တယ်။ အသက်အရွယ်တွေတော့ မသိရသေးပါဘူး ” ဟု ကန်ပက်လက်မြို့နယ်မှ စစ်ရေးသတင်းရင်း မြစ်တစ်ဦးက MPA ကို ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦးလည်း ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။

” ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုပေးနေတယ်လို့တော့ သိရပါတယ်။ JCB မြေထိုးစက်တစ်စီး၊ ဖောကားတစ်စီး နဲ့ ဆိုင်ကယ် ၃ စီးလည်း ပျက်စီးခဲ့တယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ဧပြီ၂၉ရက်၊နံနက် ၁၀နာရီကျော်နှင့် ၁၁နာရီကျော်ကလည်း မတူပီမြို့နယ်တစ်နေရာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ‌ လေကြောင်းသတင်းများ ဖော်ပြပေးနေသည့် Wai Hin တယ်လီဂရမ်ချန်နယ်က ဖော်ပြထားသည်။

ကျင်ဒွေးမြို့ကို ချင်းညီနောင် (CB)နှင့် မဟာမိတ်တပ်များက ၂၀၂၄ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး CDF ကန်ပက်လက်က ယနေ့အထိ ထိန်းချုပ်ထားဆဲဖြစ်သည်။