အကျဉ်းသား ၁၅၀၀ ကျော်ကို သမ္မတတု လွတ်ငြိမ်းခွင့်ပြု

သမ္မတတုမင်းအောင်လှိုင်က ကဆုန်လပြည့်နေ့အထိမ်းအမှတ်ဟုဆိုကာ အကျဉ်းသား ၁၅၀၈ ဦး ကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ယနေ့(ဧပြီ ၃၀ ရက်)တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ၁အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

ထို့အပြင် ဧပြီ၃၀ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးသည့် အကျဉ်းသား၊အကျဉ်းသူများကိုလည်း ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၁ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

၁၉၉၀ကျော်ကာလတွင် မန္တလေးထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်းတစ် ဦးကမူ“သိပ်တော့လည်း မျှော်လင့်စရာမရှိပါဘူး။ထုံးစံအတိုင်း နိုင်ငံရေးအကျဉ်းသား နည်းနည်း လွတ်မယ် လို့ပဲ ထင်ပါတယ်။ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ အတွေ့အကြုံအရဆိုရင် အခု လွတ်ငြိမ်း ပေးတယ်ဆိုတဲ့ အရေအတွက်အတိုင်း လွတ်ဖို့တောင် မသေချာဘူး”ဟု MPAသို့ပြောသည်။

ယနေ့လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါလာသလဲဆိုသည်ကိုမူ မသိရသေးပေ။

နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)တွင် အကျဉ်းသား ၄,၃၃၅ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း အကြမ်းဖက်အစိုးရတုက ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင်မူ ထောင် ၄၀ မှ အကျဉ်းသား ၁,၆၈၆ ဦးသာ လွတ်မြောက်လာခဲ့ပြီး ယင်းအထဲ၌ နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားသည်။