ဘန်ကောက်မြို့၏ အပူဒဏ်ညွှန်းကိန်း အလွန်အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေ

ဓာတ်ပုံ - AFP

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အပူဒဏ်ညွှန်းကိန်းသည် ယခုနွေရာသီတွင် ပထမဆုံးအကြိမ်အဖြစ် “အလွန်အန္တရာယ်ရှိသော” အဆင့်သို့ ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် ရောက်ရှိသွားပြီး အပူချိန်မှာ ၅၂ ဒီဂရီဆဲလ်စီးယပ်စ်နှင့် အထက်တွင် ရှိနေကြောင်း ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (BMA) က သတိပေးထားသည်။

အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အဝလွန်သူများ၊ အရက်သေစာ သောက်သုံးထားသူများ၊ ပြင်ပတွင် အလုပ်လုပ်ကိုင်ရသူများ၊ အပြင်၌ လေ့ကျင့်ခန်း လုပ်သူများနှင့် ခရီးသွားများအနေဖြင့် အပူဒဏ်ကို ပြင်းထန်စွာ ခံစားရနိုင်ကြောင်း BMA ၏ ယနေ့ နံနက် ၇ နာရီခွဲတွင် သတိပေးချက်တွင် ဖော်ပြထားသည်။

အပူဒဏ်ညွှန်းကိန်း (Heat Index) ဆိုသည်မှာ လေထုအပူချိန်နှင့် စိုထိုင်းဆတို့ကို ပေါင်းစပ်တွက်ချက်ထားခြင်းဖြစ်ပြီး အမြင့်ဆုံးအပူချိန်တစ်ခုတည်းကို ကြည့်ခြင်းထက် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ထိခိုက်မှုများကို ပိုမိုတိကျစွာ ဖော်ပြပေးနိုင်သည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကစပြီး ဘန်ကောက်မြို့၏ အပူဒဏ်ညွှန်းကိန်းမှာ “အန္တရာယ်ရှိသော” အဆင့် (၄၂ ဒီဂရီမှ ၅၁.၉ ဒီဂရီဆဲလ်စီးယပ်စ်အတွင်း) တွင် ရှိနေခဲ့ရာမှ ယခုအခါ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ကျန်းမာရေးအတွက် ထိခိုက်မှု နည်းပါးသည့် အခြားအဆင့်နှစ်ခုမှာ ၂၇ ဒီဂရီမှ ၃၂.၉ ဒီဂရီဆဲလ်စီးယပ်စ် (သတိပြုရန်အဆင့်) နှင့် ၃၃ ဒီဂရီမှ ၄၁.၉ ဒီဂရီဆဲလ်စီးယပ်စ် (သတိပေးအဆင့်) တို့ ဖြစ်ကြသည်။