နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ဟောင်း၏ အယူခံဝင်မှု ထပ်မံရှုံးနိမ့်

ဓာတ်ပုံ - Khaosod English
ပုံစာ - ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ဟောင်း ကမ်ဆိုခါ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ဟောင်း ကမ်ဆိုခါ အပေါ် ချမှတ်ထားသည့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ကို အယူခံတရားရုံးက ယနေ့ ဧပြီ ၃၀ ရက်တွင် အတည်ပြုလိုက်ကြောင်း ၎င်း၏ရှေ့နေက ပြောကြားသည်။

ဖျက်သိမ်းခံထားရသည့် ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို ပူးတွဲတည်ထောင်သူ အသက် ၇၂ နှစ်အရွယ် ကမ်ဆိုခါသည် ၂၀၂၃ ခုနှစ် မတ်လတွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသူ ဖြစ်သည်။

သူသည် ဝန်ကြီးချုပ် ဟွန်ဆန်ကို ရာထူးမှဖြုတ်ချရန် နိုင်ငံခြားအင်အားစုတစ်ခုနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

တရားရုံးက မူလစီရင်ချက်ကို အတည်ပြုလိုက်ရုံသာမက ကမ်ဆိုခါအနေဖြင့် ပြစ်ဒဏ်စေ့သွားသည့်တိုင် ၅ နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာခွင့်ကိုပါ ပိတ်ပင်လိုက်ကြောင်း ၎င်း၏ရှေ့နေက ဆိုသည်။

“ဒီဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) အုပ်ချုပ်တဲ့ အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်သင့်တာပါ။ အခုဆုံးဖြတ်ချက်ကတော့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး” ဟု ရှေ့နေ ဖန်ဟန်က သတင်းထောက်များကို ပြောသည်။

ကမ်ဆိုခါ၏အမှုသည် ကမ္ဘောဒီးယားကို ဆယ်စုနှစ် ၄ ခုကျော် အုပ်ချုပ်ခဲ့သည့် CPP ပါတီက အတိုက်အခံများအပေါ် အကြီးအကျယ် နှိပ်ကွပ်မှုများအနက် အထင်ရှားဆုံးအမှုတစ်ခု ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် CNRP ပါတီကို ပိတ်ပင်ရန် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် အများအပြားမှာ အဖမ်းမခံရစေရန် ပြည်ပသို့ ထွက်ပြေးခဲ့ကြရာ ကမ်ဆိုခါသည် လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျန်ရှိနေသည့် ထိပ်သီးအတိုက်အခံခေါင်းဆောင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

CNRP ပါတီသည် ဖျက်သိမ်းမခံရမီက ရွေးကောက်ပွဲတွင် အာဏာရပါတီကို အပြင်းအထန် စိန်ခေါ်နိုင်မည့် ပါတီအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ကမ္ဘောဒီးယားအစိုးရသည် အတိုက်အခံ ၁၀၀ ကျော်ကို အစုလိုက်အပြုံလိုက် ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူအများအပြားကို နိုင်ငံတော်ပုန်ကန်မှုနှင့် လှုံ့ဆော်မှုဆိုင်ရာ စွဲချက်များဖြင့် မျက်ကွယ်တွင် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ယင်းလုပ်ရပ်အပေါ် တက်ကြွလှုပ်ရှားသူများနှင့် အနောက်နိုင်ငံများက ရှုတ်ချခဲ့ကြသည်။

အတိုက်အခံ အကြွင်းအကျန်များ ပြန်လည်စုစည်းရန် ကြိုးပမ်းမှုအားလုံးမှာလည်း နှိမ်နင်းခြင်းခံခဲ့ရပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ခုလုံးတွင် အာဏာရ CPP ပါတီက လွှတ်တော်အမတ်နေရာ အားလုံးနီးပါးကို ရယူကာ ပြိုင်ဘက်မရှိသလောက် အခြေအနေဖြင့် ကျင်းပခဲ့ရသည်။

ဝါရင့်ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏သားဖြစ်သူ ဟွန်မာနက် ဦးဆောင်သည့် ကမ္ဘောဒီးယားအစိုးရကမူ အတိုက်အခံများကို ပစ်မှတ်ထားခြင်းမရှိကြောင်းနှင့် ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ဥပဒေချိုးဖောက်သူများသာ ဖြစ်သည်ဟု ပြောထားသည်။

ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ထင်ရှားသော ကမ္ဘောဒီးယား အတိုက်အခံများထဲတွင် ၂၀၁၆ ခုနှစ်ကတည်းက ပြင်သစ်တွင် နေထိုင်နေသော CNRP ပူးတွဲတည်ထောင်သူ ဆမ်ရိန်းဆီး နှင့် လက်ရှိတွင် အမေရိကန်၌ ရောက်ရှိနေသော မူဆိုချွာ တို့လည်း ပါဝင်သည်။

ကမ္ဘောဒီးယား အယူခံတရားရုံး၏ ယခုဆုံးဖြတ်ချက်အပေါ် အနောက်နိုင်ငံ သံရုံးအများအပြားက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံကလည်း “ကမ္ဘောဒီးယား ဒီမိုကရေစီ ခိုင်မာအားကောင်းစေရန်” ကမ်ဆိုခါကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဂျာမနီသံအမတ် စတီဖင် မက်ဆာရာက X လူမှုကွန်ရက်တွင် “ဒီစီရင်ချက်ဟာ နှစ်ပေါင်းများစွာကြာ ဒီအမှုနဲ့အတူ ဆက်စပ်ဖြစ်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေကို ပျောက်ပျက်သွားစေခြင်း မရှိပါဘူး” ဟု ရေးသားခဲ့သည်။

သြစတြေးလျသံအမတ် ဒဲရက်ယစ်ပ် ကလည်း ယခုဆုံးဖြတ်ချက်မှာ “အလွန်စိတ်ပျက်စရာကောင်းသည်” ဟု X တွင် ဖော်ပြခဲ့ပြီး “ကမ္ဘောဒီးယားအနေနဲ့ နိုင်ငံသားတွေ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို တိုးချဲ့ပေးဖို့နဲ့ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာဖို့ အခြေအနေတွေ ဖန်တီးပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။