မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊အဏ္ဏဝါရပ်ကွက်၊ ဖားအင်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) လက်နက်တိုက် ဖောက်ခွဲခံရပြီးနောက် တပ်တွင်း၌ စစ်သားချင်းကြား မယုံသင်္ကာဖြစ်နေကြကြောင်း သိရသည်။
ဧပြီ ၁၉ ရက်၊ မွန်းလဲ ၃ နာရီခန့်တွင် စကခ ၁၉ ဝင်းအတွင်းရှိ ပင်မခဲယမ်းတိုက်ကြီးကို တပ်တွင်းဖရဲ သီးတို့၏ ပူးပေါင်းမှုဖြင့် ဝင်ရောက်ဖောက်ခွဲခဲ့ရာ ခဲယမ်းတိုက်အတွင်းရှိ စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲပျက်စီးခဲ့ပြီး ပြင်းထန်စွာ မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ ရိက္ခာဆောင် ၊ သက်သာဆိုင်နှင့် ဗဟိုကင်း အဆောက်အအုံများ မီးကူးစက် ပြာကျခဲ့ကြောင်း ရေးပြောက်ကျားတပ်(YGF)ထံက သိရသည်။
“ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တပ်မအတွင်းမှာ တစ်ဖက်နဲ့တစ်ဖက် သံသယတွေ ဖြစ်နေကြပါတယ်။ အကုန်လုံးကိုရည်ရွယ်တာပါ။ အရာရှိအချင်းချင်း၊ တပ်သားအချင်းချင်းပေါ့”ဟု ရေးပြောက်ကျားတပ် (YGF)မှ ရဲဘော်စောခေတ်သစ်က MPA သို့ပြောသည်။
ယင်းဖောက်ခွဲမှုကြောင့် ပင်မခဲယမ်းတိုက်ကြီးမှ ဒရုန်းဗုံးသီးများ ၊ လက်နက်ကြီးကျည်များနှင့် အခြားခဲယမ်းမီးကျောက်များ မိနစ် ၂၀ ခန့် တရစပ်ပေါက်ကွဲပျက်စီးခဲ့ပြီး ဗဟိုကင်းရှိ လက်နက်ကြီး ၊ လက်နက်ငယ်မျိုးစုံ ၂၀၀ ခန့်လည်း မီးလောင်ပျက်စီးခဲ့သလို စစ်သား၄ ဦးသေဆုံးကာ ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးအောင်မြင်စေရန်အတွက် အချိန်ယူပြင်ဆင်ခဲ့ရပြီး ငွေကြေးအမြောက်အမြားလည်း သုံးစွဲခဲ့ရကြောင်း သိရသည်။
“အချိန်အားဖြင့်နှစ်နဲ့ကြာအောင်အချိန်ယူခဲ့ရပါတယ်။ ငွေကြေးတွေကတော့ အဓိကတော့ စည်းရုံး ရေးမှာပဲ အသုံးပြုရတာပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ကျော်လင်းမောင် ဦးစီးသောအဖွဲ့ ရောက်ရှိလာကာ ပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ဧပြီ ၂၁ ရက်တွင်မူ မပေါက်ကွဲဘဲကျန်ရှိနေသည့် ခဲယမ်းအကြွင်းအကျန်များကို တပ်တွင်းရှိ စက်ပစ်ကွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးကို တနင်္သာရီတိုင်းစစ်ဌာန ၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၁ တပ်ရင်း ၊ ရေးပြောက်ကျားတပ်(YGF)နှင့် စစ်တပ်အတွင်းရှိ တော်လှန်ဖရဲသီးများ ပူးပေါင်းကာဆင်နွှဲခဲ့ခြင်းဖြစ်သည်။
