ဖြူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်ကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ် သေဆုံးမှုကို သတင်းအမှားဟူ၍ စစ်တပ်လော်ဘီများက ငြင်းဆိုနေကြသည်။
စစ်တပ်လော်ဘီ “Snow Queen” “Ye Yint Htet” တယ်လီဂရမ်ချန်နယ်တို့က၂၀၂၆ ဧပြီ ၃၀ရက်တွင် သတင်းအမှန်ကို ငြင်းဆန်၍ သတင်းအမှားဟူ၍ ဖြန့်ဝေထားခြင်းဖြစ်သည်။
စစ်တပ်လော်ဘီများက Khit Thit Media ၏ သတင်းကို Screenshot ရိုက်၍ “ဖြူးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆိုင်ကယ်အား တားဆီးရာ ထွက်ပြေး သည့်အတွက် လိုက်လံပစ်ခတ်ရာ ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းအမှား များ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ”ဟု (မူရင်း ရေးသားမှု) ဖြန့်ဝေထားသည်။
ဖြန့်ဝေထားသောလင့်ခ်များ
Snow Queen – https://archive.ph/6Dth3
Ye Yint Htet – https://archive.ph/yl7IN
ကလေးငယ်သေဆုံးမှု လက်သည်တရားခံကို သိရှိနိုင်ရန် MPA Fact-Check အဖွဲ့က အချက်အလက်စစ်ဆေး ကြည့်ရာ သတင်းဖြစ်စဉ်အတိအကျ သိရှိပြီး သက်သေပြနိုင်ခဲ့သည်။
သက်သေပြချက်
Khit Thit မီဒီယာ၏ သတင်းကို ရှာဖွေဖတ်ရှုရာ ဧပြီ ၂၈ရက်တွင် ပဲခူးတိုင်း ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲဖမ်းဆီးမှု ကြောင့် ထွက်ပြေးသွားသော လူငယ် နှစ်ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဝဲဒေါင့်အလယ်ရွာနေ အသက် ၇နှစ်အရွယ် မိန်းကလေးငယ် ရင်ဘတ်ကို ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/oAPXb
သတင်းဖြစ်စဉ်ကို ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဖြူးတွင် အသက် ၇နှစ်အရွယ် ကလေးငယ် ကျည်ထိမှန်သေဆုံး” ဟု ရေးသားရှာဖွေရာ People’s Spring သတင်းဌာနက သတင်းရေးသားဖော်ပြထား သည်။
People’s Spring သတင်းတွင် ဖြူးတွင် စစ်တပ်လက်ဆောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သော ကျည်ထိမှန်မှုကြောင့် ၇နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီ ၂၈ရက်တွင် ပျူစောထီးတပ်ဖွဲ့ဝင် များက ပေါ်တာဆွဲဖမ်းဆီးရန် ဆိုင်ကယ်မောင်းလာသော လူငယ်နှစ်ဦးကို ဆိုင်ကယ်ရပ်ခိုင်းခဲ့ကြောင်း၊ ဆိုင်ကယ် မရပ်ပေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ်ကို ကျည်ဆံထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ကလေးငယ်၏ မိသားစုဝင်များက ယင်းဖြစ်စဉ်ကို ဖြူးမြို့ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း စခန်းမှူးက အမှုမဖွင့်ပေးကြောင်း သတင်းများအရ သိရသည်။
သတင်းလင့်ခ် – https://bitly.cx/GkyUP
သုံးသပ်ချက်
ဖြူးတွင် ပေါ်တာဆွဲနေသော ပျူစောထီးတို့က ဆိုင်ကယ်တစ်စီးကို ရပ်ခိုင်းခဲ့ရာ မရပ်ပေးသဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုကြောင့် အသက် ခုနစ်နှစ်အရွယ် မိန်းကလေးငယ် သေဆုံးမှုကို သတင်းဖော်ပြခဲ့သော Khit Thit မီဒီယာ၏ သတင်းကို လုပ်ကြံရေးသား ဝါဒဖြန့်ခြင်းဟု စစ်တပ်လော်ဘီများက ဆိုကြသည်။
အချက်အလက်စစ်ဆေးမှုများအရ အဆိုပါ ဖြစ်စဉ် အမှန်တကယ်ဖြစ်ပွားခဲ့ပြီး သတင်းအမှားမဟုတ်ပေ။
ခုနစ်နှစ်အရွယ် မိန်းကလေးငယ် သေဆုံးမှု ပျူစောထီးများက တာဝန်ယူခြင်းမရှိဘဲ ဖြူးရဲစခန်းကလည်း အမှုဖွင့်ပေးခြင်းမရှိကြောင်း သတင်းများ အရ သိရသည်။
ထို့ကြောင့် စစ်တပ်လော်ဘီများက သတင်းဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအမှားဟု ငြင်းဆိုထားခြင်း ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
