ခွင့်ပြန်ရန် သံရုံးထောက်ခံစာ ယူရမည့်ကိစ္စကြောင့် ထိုင်းရောက်မြန်မာလုပ်သားများ ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး အခက်တွေ့နေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခွင့် (ခွင့်ပြန်) လျှောက်ထားရာတွင် သံရုံးထောက်ခံစာ ကြိုတင်ယူရမည်ဟု သတ်မှတ်လိုက်ခြင်းသည် အလုပ်သမားများအတွက် ငွေကြေးနှင့် အချိန်ကုန်ကျမှုအပြင် လုပ်ငန်းခွင်အတွင်း ဖိအားပေးမှုများ ကြုံတွေ့ရစေနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြနေကြသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ဧပြီ ၂၉ ရက်စွဲပါ ထုတ်ပြန်ချက်အရ လာမည့် မေ ၅ ရက်နေ့မှ စတင်ကာ OWIC ကတ်ကိစ္စများအတွက် သံရုံးထောက်ခံစာကို ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးတွင် လာရောက်လျှောက်ထားရမည် ဖြစ်သည်။

“စိုးရိမ်ရတာက လျှောက်တဲ့အခါ Passport၊ မှတ်ပုံတင်၊ OWIC ကတ်၊ Work Permit၊ လေယာဉ်လက်မှတ်တွေအပြင် အလုပ်ရှင်ရဲ့ ခွင့်ပြုစာပါ တင်ပြရမယ်လို့ ဆိုထားတာပဲ။ အလုပ်ရှင်ဆီက ခွင့်ပြုချက်ရဖို့ ခက်တဲ့သူတွေအတွက်တော့ ဒါက အတော်လေး အခက်တွေ့စေနိုင်တဲ့ ကန့်သတ်ချက်သစ်တစ်ခု ဖြစ်နေပါတယ်။” ဟု ထိုင်းရောက် အလုပ်သမားတစ်ဦးက ဆိုသည်။

လျှောက်ထားရာတွင် အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီ၏ ခွင့်ပြုစာ တင်ပြရမည်ဟု ပါရှိသောကြောင့် အလုပ်ရှင်နှင့် အဆင်မပြေသူများ သို့မဟုတ် ခွင့်ရရန်ခက်ခဲသည့် လုပ်ငန်းခွင်မှ အလုပ်သမားများအနေဖြင့် နေရပ်ပြန်နိုင်ခွင့်ကို အလုပ်ရှင်က ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေသည်။

“ထိုင်းရောက် အလုပ်သမားတွေအတွက်ကတော့ ခွင့်ပြန်ဖို့ကိစ္စက ပိုပြီး လက်ဝင်လာသလိုပဲဗျာ။ အခု သံရုံးက ထုတ်ပြန်ထားတာက နေရပ်ပြန်တဲ့အခါ OWIC ကတ်ကိစ္စတွေ အဆင်ပြေအောင်ဆိုပြီး သံရုံးထောက်ခံစာ အရင်ယူခိုင်းတာ။ ထောက်ခံစာကြေး ၁၅၀ ဘတ်ဆိုတာက နည်းတယ်ထင်ရပေမဲ့ ဘဏ်ကိုသွား၊ ချလန်သွင်း၊ ပြီးမှ ဘန်ကောက်က သံရုံးအထိ လာလျှောက်ရမယ်ဆိုတော့ နယ်က လူတွေအတွက်ကတော့ ခရီးစရိတ်ရော၊ အလုပ်နားရမယ့်ရက်ပါဆိုရင် တော်တော်လေးကို ဝန်ထုတ်ဝန်ပိုး ဖြစ်မှာပါ” ဟု ဘန်ကောက်နှင့်ဝေးသည့် နေရာတွင်နေသည့် အလုပ်သမားတစ်ဦးက ဆိုသည်။

ထောက်ခံစာအတွက် ဘတ် ၁၅၀ ပေးသွင်းရမည့်အပြင် ဘဏ်သို့သွားရောက်ငွေသွင်းခြင်းနှင့် သံရုံးသို့ လူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့် လာရောက်ရမည်ဖြစ်ရာ ဝေးလံသောဒေသမှ အလုပ်သမားများအတွက် လမ်းစရိတ်နှင့် အချိန်ကုန်ကျမှုများမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုး ဖြစ်လာနိုင်သည်။

Passport၊ မှတ်ပုံတင်၊ OWIC ကတ်၊ Work Permit နှင့် လေယာဉ်လက်မှတ်မိတ္တူများအပြင် လုပ်ငန်းခွင်ပြောင်းလဲထားသူများအနေဖြင့် အလုပ်ပြောင်းရွှေ့စာများပါ တင်ပြရန် လိုအပ်ခြင်းကြောင့် အထောက်အထား မစုံလင်သည့် အလုပ်သမားများမှာ တရားဝင်လမ်းကြောင်းမှ ပြန်နိုင်ရန် ခက်ခဲသွားစေသည်။

“ဒီလို ထောက်ခံစာယူရမယ်ဆိုတာက အလုပ်သမားတွေအတွက်တော့ အလုပ်ပိုသလို ဖြစ်နေတယ်။ အထူးသဖြင့် အလုပ်ရှင်ဆီက ခွင့်ပြုစာတောင်းရမယ်ဆိုတာက အလုပ်သမားတွေရဲ့ လွတ်လပ်ခွင့်ကို ပိုပြီး ကျဉ်းမြောင်းသွားစေနိုင်တယ်” ဟု အလုပ်သမားအရေး လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

ယခုလုပ်ငန်းစဉ်ကို မေလ ၅ ရက်နေ့မှစတင်ကာ ဘန်ကောက်မြို့၊ စီလုံလမ်းရှိ အလုပ်သမားသံအရာရှိရုံးတွင် ရုံးဖွင့်ရက်များ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာလုပ်သားများ နေရပ်သို့ ခွင့်ပြန်ရာတွင် သက်ဆိုင်ရာသံရုံး၏ ထောက်ခံစာနှင့် အလုပ်ရှင်၏ ခွင့်ပြုစာ (Letter of Permission for Leave) အထောက်အထားများ မပြနိုင်ပါက နောက်တစ်ကြိမ် ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးလိုက်သည်။

စစ်ကော်မရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်အရ အချို့သောအလုပ်သမားများသည် စနစ်တကျ စုဆောင်းခြင်းနှင့် သင်တန်းတက်ရောက်ခြင်း လုပ်ငန်းစဉ်များကို ရှောင်လွှဲရန် ခွင့်ပြန်အလုပ်သမား”အဖြစ် အယောင်ဆောင်ကာ တရားမဝင် ထွက်ခွာရန် ကြိုးစားမှုများရှိနေသဖြင့် ယခုကဲ့သို့ စိစစ်မှုများ တင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု အကြောင်းပြထားသည်။

အလုပ်ရှင်၏ ခွင့်ပြုစာ သို့မဟုတ် သံရုံးထောက်ခံစာ တင်ပြနိုင်ခြင်းမရှိပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရမည့်အပြင် အမည်ပျက်စာရင်း (Blacklist) သွင်းခြင်း ခံရမည်ဖြစ်သည်။

ယခုကဲ့သို့ လုပ်ငန်းစဉ်များ တင်းကျပ်လိုက်ခြင်းသည် တရားမဝင် ရွှေ့ပြောင်းသွားလာမှုကို တားဆီးရန်ဟု ဆိုသော်လည်း တရားဝင် အထောက်အထားဖြင့် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက်မူ ခွင့်ပြန်ရန်နှင့် ပြန်လည်ထွက်ခွာရန် အခက်အခဲများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ဝေဖန်နေကြသည်။