ပတ္တရားတွင် အွန်လိုင်းမှ မြှူဆွယ် လိမ်လည်သည့် ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီး

ဓာတ်ပုံ - Pattaya Mail
ပုံစာ - ပတ္တရားအခြေစိုက် Romance scam ကွန်ရက်နှင့် ဆက်နွှယ်သူ သံသယရှိသူ လေးဦးကို ဖမ်းဆီးထားစဉ်။

ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေမြို့တွင် အခြေစိုက်ပြီး အယောင်ဆောင် ဘဏ်အကောင့် (Mule Account) များ အသုံးပြု၍ အွန်လိုင်းမှ မြှူဆွယ်ငွေကြေးလိမ်လည်သည့် (Romance Scam) ဂိုဏ်းကို ရဲများက ဧပြီ ၂၈ ရက်တွင် ဖော်ထုတ်ဖမ်းဆီးလိုက်သည်။

ခရီးသွားရဲတပ်ဖွဲ့နှင့် အမှတ် (၂) နယ်မြေ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့၏ စီးနင်း ရှာဖွေမှုတွင် နိုင်ဂျီးရီးယား အမျိုးသား သုံးဦးနှင့် ထိုင်းအမျိုးသမီး တစ်ဦးတို့ကို ဘန်လမွန် (Bang Lamung) ခရိုင်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းရာတွင် လက်ကိုင်ဖုန်း ၁၂ လုံးနှင့် ဘဏ်စာအုပ် ၁၂ အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီး ပက်ချာရင် (အမည်လွှဲ) က သူမအနေဖြင့် အဆိုပါဂိုဏ်းအတွက် ဘဏ်အကောင့်များ ရှာဖွေပေးခြင်း၊ ငွေထုတ်ယူခြင်းနှင့် လွှဲပြောင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

သူမသည် ဘဏ်အကောင့်တစ်ခုလျှင် ဘတ် ၂,၀၀၀ နှင့် ကော်မရှင်ခ ၁၀ ရာခိုင်နှုန်း ရရှိပြီး၊ တစ်ခါတစ်ရံတွင် တစ်ရက်လျှင် ဘတ် ၃၀,၀၀၀ အထိ ရရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါကွန်ရက်သည် သားကောင်ဖြစ်မည့်သူများကို အွန်လိုင်းမှတစ်ဆင့် ပစ်မှတ်ထားကာ လိမ်လည်ပြီး၊ ရရှိလာသည့်ငွေများကို အယောင်ဆောင်ဘဏ်အကောင့်များမှတစ်ဆင့် ပြည်ပသို့ ငွေခဝါချရန် လွှဲပြောင်းပေးလေ့ရှိသည်ဟု ယူဆရသည်။

သံသယရှိသူ အားလုံးကို ဘန်လမွန် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ရာဇဝတ်ဂိုဏ်းတွင် ပါဝင်ပတ်သက်မှု၊ တရားမဝင် ဘဏ်အကောင့်များ အသုံးပြုနိုင်ရန် ကူညီပေးမှုတို့ဖြင့် စွဲချက်တင်ထားကာ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။