ရေး အာရှလမ်းမကြီး ထိန်းချုပ်ရန် စစ်ကြောင်းချီလာသောတပ် တိုက်ခိုက်ခံရပြီး စစ်သား ၂၀ သေဆုံးဟုဆို

ဓာတ်ပုံ - မွန်သွေးတပ်တော်
ပုံစာ - မွန်သွေးတပ်တော် တပ်ဖွဲ့ဝင်များ

မွန်ပြည်နယ် ၊ ရေးမြို့နယ်အတွင်း အမှတ် ၈ အာရှလမ်းမကြီးကို ထိန်းချုပ်ရန်လာသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား အယောက် ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ် ၊ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ မှ ထွက်လာသည့် အင်အား ၄၀၀ ပါစစ် ကြောင်းကို ဧပြီ ၂၈ ရက်၊ မွန်းတည့် ၁၂ နာရီကျော်တွင် အောင်သာယာကျေးရွာနှင့် ကနင်ကမော့ ကျေးရွာကြား၌ တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၆ ဦးလည်း ဒဏ်ရာရ ခဲ့ကြောင်း မွန်သွေးတပ်တော်က ယနေ့(မေလ တစ်ရက်) သတင်းထုတ်ပြန်သည်။

“စစ်ကြောင်းကတော့ အင်အားအလုံးအရင်း အပြင်းအထန်ထိုးနေသလို ကျနော်တို့ မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့ဘက်ကလည်း အင်အားအလုံးအရင်းဖြင့် ခုခံနေပါတယ်။နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ဆက်လက်ပြင်းထန်သွားဖို့ ရှိနိုင်ပါတယ်။ အမှတ်၈ အာရှလမ်းမကြီးကို ထိန်းချုပ်ချင်လို့ ရေးမြောက် ပိုင်းမှာ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးနေတာပေါ့ဗျာ။ တော်လှန်ရေးမဟာမိတ် အင်အား စုဘက်ကလည်း အပြည့်အဝခုခံနေတာမို့ အများကြီး တပ်ဖြန့်နိုင်တာမျိုးလည်း မရှိသေးပါဘူး”ဟု မွန်သွေးတပ်တော်မှ ပြောရေးဆိုခွင့်ရှိသူ မင်းယော့ဒ်စနွန်က MPA သို့ပြောသည်။

ထိခိုက်သေဆုံး စစ်သားများကို ယ‌င်းနေ့ ညနေပိုင်း၌ပင်ကား ၃ စီးဖြင့် သယ်ဆောင်သွားပြီး ခလရ ၁၀၆ သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေရဲ့ သတင်းပေးချက်အရဆိုရင် စကစဘက်က ဒေသခံ ပြည်သူတွေရဲ့ အိမ်တွေကို စစ်ကြောင်းတစ်လျှောက် မီးရှို့ဖျက်ဆီးနေတာမျိုး ရှိပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ရတာမျိုး လုံးဝမရှိပါဘူး။ဒေသခံပြည်သူတွေကို ကျ‌နော်တို့မဟာမိတ် အင်အားစုဘက်က လုံခြုံရေးအပြည့်အဝ တာဝန်ယူပေးနေပါတယ်”ဟု ၎င်းကဆက်လက် ပြောသည်။

ဧပြီ ၂၉ ရက် ၊ ၃၀ ရက်နှင့် ယနေ့(မေလ တစ်ရက်)တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း ယင်းစစ်ကြောင်း ပြန်လည်ဆုတ်ခွာခြင်းမရှိသေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မွန်သွေးတပ်တော် ၊ ရေးပြောက်ကျားတပ် (YGF) ခြေမှုန်းရေးတပ်ခွဲ ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ရာမညမွန်တပ်တော် (RMA) တပ်ရင်း ၉၀၁ တို့ ပူးပေါင်း‌ဆင်နွှဲခဲ့‌ခြင်းဖြစ်သည်။

စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။