ဖလမ်းတွင် လူငယ်များ ဘောလုံးကစားနေစဉ် စစ်တပ် ဗုံးကြဲ၊ ၅ ဦးသေဆုံး

ဓာတ်ပုံ - ပေးပို့
ပုံစာ - ဧပြီ ၃၀ရက်က ဒရုန်းဗုံးကြောင့် သေဆုံးခဲ့သည့် မိုင်ငွန်နှဲတီလ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါ်ပွီလ်ချစ်ပ်ရွာတွင် လူငယ်များ ဘောလုံးကစားနေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ( မေလ ၁ရက် )၊ မွန်းလွဲ ၃နာရီ ၁၀ မိနစ်ခန့်က ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ခေါ်ပွီလ်ချစ်ပ်ရွာ ဘောလုံးကွင်းကို စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ ထံက သိရသည်။

“ဖလမ်း-ရိဒ် လမ်းမကြီးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခေါ်ပွီလ်ချစ်ပ် ‌ရွာထိပ်မှာရှိတဲ့ ဘောလုံးကွင်းကို ဗုံးကျတာ။ ဘောလုံးကန်နေကြချိန်ဖြစ်သွားတော့ ထိခိုက်သူများပါတယ်။ လောလောဆယ် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား၅ဦး သေဆုံးသွားပါပြီ။ လူငယ်ပိုင်းတွေပါ။ ဒဏ်ရာရသူတွေလည်း များပြားပါတယ်။ အသေးစိတ်တော့ မသိရသေးဘူးဗျ။ ဆေးတော့ ကုနေတယ်။ ဘာတိုက်ပွဲမှမရှိတဲ့နေရာကို လာပစ်သွားတာ။ဒီရွာက ဖလမ်းမြို့နယ်ထဲပါပေမဲ့ အိန္ဒိယ မြန်မာနယ်စပ်ဖြစ်တဲ့ ရိခေါဒါလ်မြို့နဲ့က ပိုနီးတယ် ” ဟု ဖလမ်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။

ထို့ပြင် ဧပြီ ၃၀ရက်၊ နံနက် ၁၀ နာရီခန့်ကလည်း ဖလမ်းမြို့နယ်၊ တလန်ရောလ်ကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် မိုင်ငွန်နှဲတီလ် (Mai Ngun Hnen Ṭial) သေဆုံးခဲ့ကြောင်း သိရသည်။

” တလန်ရော်လ်ရွာ တောင်ယာထဲက ‌စစ်ရှောင်စခန်းကို ဒရုန်းနဲ့ ဗုံးချတာဗျ။ လုံရမ်းမှာ တပ်စွဲထားတဲ့ စစ်သားတွေဘက်က ချတာ။ အသက် ၁၇ နှစ်အရွယ် ကောင်မလေး ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူ တွေ ရှိ၊မရှိတော့ မသိရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း ဖလမ်းမြို့နယ်၊ တလန်ရော်လ်ရွာသစ်နှင့် ရီလ်သီရွာတို့၌ စစ်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေကာ စစ်တပ်က ဒရုန်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်များ တနှစ်ကျော် ထိန်းချုပ်ထားသည့် ဖလမ်းမြို့ကို စစ်တပ်က ၂၀၂၆ခု၊ ဧပြီ ၂၅ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။