ကဆုန်လပြည့်နေ့ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဦးသာ ပါဝင်ကြောင်း သိရသည်။
ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းတွင် ကျိုက်မရောထောင်မှ ၅၀ ည ဖြင့်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ တစ်ဦး ၊ ရွှေဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၃ ဦးနှင့် အင်းစိန်ထောင်မှ ဒါရိုက်တာ ၂ ဦးအပါအဝင် နိုင်ငံရေးအကျဥ်းသား ၄ ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား/သူ ၈ ဦးသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။
“ဒီတစ်ခေါက်မှာတော့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေပဲ ကောက်ယူထားတာ ဖြစ်ပါတယ်ရှင့်။ နိုင်ငံရေးအကျဉ်းသားမှာ အခုအတည်ပြုပေးနိုင်တာတော့ ၈ ဦးပဲ အတည်ပြုနိုင်သေးတာ ဖြစ်ပါ တယ်။ “ဟု PPNM ဦးဆောင်ကော်မတီ မရောင်နီလင်းက MPA သို့ပြောသည်။
ကဆုန်လပြည့်နေ့တွင် အကျဉ်းသား ၁၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့သော်လည်း ဧပြီ၃၀ရက်၊ PPNM ပြုစုထားသည့် စာရင်းအရ အကျဉ်းထောင် ၁၇ ခုမှ နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ ရာဇဝတ်မှုများဖြင့် ကျခံနေရသည့် အကျဉ်းသား ၃၃၆ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
“စစ်ကော်မရှင်ဟာ အရေအတွက် ကိန်းဂဏန်းတွေကိုတော့ များစေချင်တယ်။ လူဦးရေကိုတော့ တကယ့်တကယ်မှာ လွှတ်ပေးတာမျိုးမရှိဘူး။ ဒါသည် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကတည်းက သူတို့ကျင့်သုံးလာကြတဲ့ ကိန်းဂဏန်း အရေအတွက်ကိုပဲပြတယ်။လူဦးရေကိုတော့ အမှန်တကယ် လွှတ်တာမျိုး မရှိတာကို တွေ့ရပါတယ်ရှင်။ဒီတစ်ခေါက်လွတ်ငြိမ်းမှာလည်း နိုင်ငံရေးအကျဉ်းသား ပါဝင်လာတာဟာ လက် ၂ ဖက် မပြည့်ဘဲနဲ့ အဓိက လွှတ်ပေးတာကတော့ အခြားအမှုပေါ့နော်။ ပြစ်မှုပြစ်ဒဏ်ရှိတဲ့ အကျဉ်းသားတွေကိုပဲ အဓိကထား လွှတ်ပေးတယ်လို့ ပြောလို့ရပါတယ်ရှင်”ဟု ၎င်းကဆက်လက်ပြောသည်။
PPNM အနေဖြင့် စစ်အာဏာရှင်၏ ဟန်ပြလှည့်စားမှုများကို အစဉ်တစိုက် စောင့်ကြည့် ဖော်ထုတ်သွားမည်ဖြစ်ပြီး မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်)တွင် အကျဉ်းသား ၄,၃၃၅ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင်မူ အကျဉ်းသား ၁,၆၈၆ ဦးသာ အမှန်တကယ် လွတ်မြောက်လာခဲ့ပြီး ယင်းအထဲ၌ နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးသာ ပါဝင်ကြောင်း PPNMက ထုတ်ပြန်ထားသည်။
