အမေရိကန်နှင့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန် အဆိုပြုချက်အသစ်တစ်ခုကို အီရန်က ပါကစ္စတန် သို့ ပေးပို့လိုက်ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က မေလ ၁ ရက်တွင် ဖော်ပြခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ်အာရက်ချီက “စစ်ပွဲအဆုံးသတ်ရေးနှင့် သက်ဆိုင်သည့် အစီအမံအသစ်များ” အကြောင်းကို ယနေ့တွင် ၎င်း၏ မိတ်ဖက်နိုင်ငံခြားရေးဝန်ကြီးအချို့ထံလည်း ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာန IRIB ၏ ထုတ်လွှင့်ခဲ့သည်။
အာရက်ချီသည် တူရကီ၊ အီဂျစ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ အီရတ်နှင့် အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးများနှင့် စကားပြောဆိုခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ၎င်းသည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကာလတ်စ် နှင့်လည်း ဆွေးနွေးခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဧပြီလ ၂၁ ရက်နေ့တွင် တီဟီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးခဲ့သော်လည်း အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်သည်။
