ပြုံးရယ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအဟောင်းများကို ယခုလက်ရှိပုံဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်နေ

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအဟောင်းများကို စစ်တပ်လော်ဘီများက ယခုလက်ရှိ ဓာတ်ပုံများဟူ၍ ဖြန့်ဝေနေကြသည်။

အဆောက်အဦးတစ်ခု၏ မှန်ပြတင်းပေါက်မှတဆင့် လက်ဝှေ့ယမ်း၍ ပြုံးရယ်ပြနေသော ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဟောင်း တစ်ခု စစ်တပ်လော်ဘီ “View of Sue” တယ်လီဂရမ်ချန်နယ်က တင်၍ သတင်းအမှား ဖြန့်ဝေထားခြင်းဖြစ်သည်။

သတင်းအမှားဖြန့်ဝေရာတွင် “ တနိုင်ငံလုံး ဒုက္ခရောက်နေသော်လည်း
ပြုံးနေနိုင်သူ တဦးကို ဒီ ၅ နှစ်အတွင်း လူထုက မြင်ခဲ့ရပါတယ်။
အခုတော့ နောက်ထပ် တဦးကို ထပ်တွေ့ရပါတယ်။

တကယ်တော့ တနိုင်ငံလုံး အခုလို ဖြစ်နေရတာကလည်း သူတိုကြောင့်ပါပဲ” ဟု (မူရင်းရေးသားမှု) ဖြန့်ဝေထား သည်။

ဓာတ်ပုံအဟောင်းလင့်ခ် – https://archive.ph/zWck4

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို MPA Fact-Check team က အချက်အလက်စစ်ဆေးရာ ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်နေကြောင်း စိစစ်နိုင်ခဲ့သည်။

သက်သေပြချက်

ဒေါ်အောင်ဆန်းစုကြည် လက်ဝှေ့ယမ်း၍ ရယ်ပြနေသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေစစ်ဆေးကြည့်ရာ Mizzima သတင်းဌာနက ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံအဟောင်းနဲ့ ဆင်တူနေသည်။

ဓာတ်ပုံတွင်ပါဝင်သော အထပ်မြင့် တိုက်ခန်းပြတင်းပေါက် အနေအထား၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် လက်ဝှေ့ယမ်းနေသော မြင်ကွင်းတို့ ဆင်တူနေသည်။

အဆိုပါ ဓာတ်ပုံသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၆ရက်တွင် ပညာရေးဝန်ထမ်း အိမ်ရာဖွင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်စဉ် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် Myanmar Imperial Vega ကုမ္ပဏီတို့ အကျိုးတူ ပူး ပေါင်းဆောင်ရွက်ခဲ့သော မင်းဓမ္မဥယျာဉ်မြို့တော်စီမံကိန်း အပိုင်း (၃) တွင် တည်ရှိသော မင်းဓမ္မပညာရိပ်သာ ဆရာများ အိမ်ရာ၊ လှိုင်ပညာရိပ်သာဝန်ထမ်းအိပ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း Mizzima သတင်းမီဒီယာက ဖော်ပြထားသည်။

သတင်းလင့်ခ် – https://bitly.cx/CtNPf https://bitly.cx/zmSoN

တနိုင်ငံလုံး ဒုက္ခရောက်နေသော်လည်း ပြုံးရယ်နိုင်သူဟူ၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအဟောင်းကို ပြန်လည်အသုံးပြု၍ စစ်တပ်လော်ဘီချန်နယ်က သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။

၂၀၂၆ ဧပြီ ၃၀ရက်(ကဆုန်လပြည့်နေ့) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည် တော် အကျဉ်းထောင်မှ သတ်မှတ်ထားသော နေအိမ်သို့ ပြောင်းရွှေ့ပြီး ကျန်ရှိနေသော ပြစ်ဒဏ်များကို ကျခံရန် သတ်မှတ်လိုက်ကြောင်း စစ်တပ်ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းဌာနက ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ကို စစ်တပ်ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာများက ကြေညာရာတွင် သတင်းဗီဒီယိုဖိုင် မထုတ်ပြန်ဘဲ ဓာတ်ပုံဖြင့်သာ ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ထားသော နေအိမ်ဟုဆိုသော်လည်း မည်သည့်မြို့က မည်သည့်နေအိမ်သို့ ပြောင်းရွှေ့အကျဉ်းချခြင်း ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားခြင်း မရှိပေ။

သတင်းလင့်ခ် – https://bitly.cx/MsDx

အထက်ပါ သတင်းအချက်အလက်စစ်ဆေးမှုသည် ၂၀၂၆ မေ ၂ရက် မွန်းလွဲ ၃နာရီအချိန်ထိ ရရှိထားသော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။