ထိုင်းလွှတ်တော်အမတ်ဟောင်းတစ်ဦး၏ ား ကို အွန်လိုင်းလောင်းကစားနှင့် ငွေကြေးခဝါချမှုတို့ဖြင့် ရာဇဝတ်တရားရုံးက ထောင်ဒဏ် ၁၃၂ နှစ်နှင့် ၆ လ အမိန့်ချမှတ်လိုက်သည်။
ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်သော အမိန့်ချမှတ်သည့် ရုံးချိန်းသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့သဖြင့် တရားခံဖြစ်သူ နာရုတ် ပီရိယရင်ဆန်း ကို ဖမ်းဝရမ်းထုတ်ထားကြောင်း တရားရုံးသတင်းရင်းမြစ်များက ပြောကြားသည်။
နာရုတ်သည် အဆိုပါအမှုတွင် တရားခံကိုးဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် စွဲချက်တင်ခံရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခွင့်ရရှိထားသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
သူ၏ဖခင် လွှတ်တော်အမတ်ဟောင်းသည် စီးပွားရေးပညာရှင်တစ်ဦးဖြစ်သလို အဂတိလိုက်စားမှုနှင့် လောင်းကစားမှုများကို ကိုယ်တွယ်ဖြေရှင်းသည့် ဆန်ဆစ် ပီရိယရင်ဆန်းဆိုသူ ဖြစ်သည်။
အသက် ၃၃ နှစ်အရွယ်ရှိ နာရုတ်ကို အွန်လိုင်းလောင်းကစားကွန်ရက်အတွက် ငွေပေးချေမှုစနစ်အား ပိုင်ဆိုင်လုပ်ကိုင်သည်ဟူသော သံသယဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ရဲတပ်ဖွဲ့သည် ဘတ်သန်း ၄၀၀ ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။
အဆိုပါအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်အတွင်း အီလက်ထရွန်နစ်မီဒီယာမှတစ်ဆင့် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး၊ ဘဏ်အကောင့်များနှင့် ချိတ်ဆက်ထားသော ဝဘ်ဆိုက်များမှတစ်ဆင့် လူအများကို ဆွဲဆောင်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါကွန်ရက်ကို ဝဘ်ဆိုက်မန်နေဂျာများ၊ စနစ်ထိန်းချုပ်သူများ၊ အငှားဘဏ်အကောင့် (mule account) ပိုင်ရှင်များနှင့် VPay၊ Heng Pay စနစ်များနှင့် ချိတ်ဆက်ထားသော ငွေပေးချေသူများ စသည်ဖြင့် စနစ်တကျ အဖွဲ့အစည်းလိုက် ဖွဲ့စည်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
အသုံးပြုသူများသည် လောင်းကစားမပြုလုပ်မီ သတ်မှတ်ထားသော အကောင့်များထဲသို့ ငွေလွှဲထည့်ရန် လိုအပ်သည်။
ထို့ပြင် အဆိုပါအဖွဲ့သည် QR ကုဒ် ငွေပေးချေမှုစနစ် ရရှိရန်အတွက် အွန်လိုင်း လက်လီအရောင်းဆိုင်များအဖြစ် ဟန်ပြကုမ္ပဏီများ မှတ်ပုံတင်ကာ ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်ခဲ့ကြောင်းလည်း တရားရုံးက တွေ့ရှိခဲ့သည်။
ယင်း နည်းလမ်းဖြင့် ငွေကြေးလွှဲပြောင်းမှု ဘတ် ၂ ဘီလီယံကျော် ရှိခဲ့သည်။
နာရုတ်သည် အဆိုပါ လုပ်ငန်းအား အဓိက စီမံခန့်ခွဲသူတစ်ဦးဖြစ်သလို တရားမဝင်ရရှိထားသော ငွေကြေးများကို လွှဲပြောင်းသိမ်းဆည်းပေးသည့် ငွေပေးချေမှု လမ်းကြောင်းများကို ကြီးကြပ်ခြင်းတို့ကြောင့် အပြင်းထန်ဆုံး ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။
စုစုပေါင်းပြစ်ဒဏ်မှာ ၁၃၂ နှစ်နှင့် ၆ လ ဖြစ်သော်လည်း ထိုင်းနိုင်ငံဥပဒေအရ အများဆုံး ကျခံရမည့် ထောင်ဒဏ်မှာ နှစ် ၂၀ သာ ဖြစ်သည်။
သူနှင့်အတူ ပြစ်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရသူများမှာ 69pgslot.com လောင်းကစားဝဘ်ဆိုက် ပိုင်ရှင် နာရာယွတ် နာရာကောဖြစ်ပြီး တရားမဝင်အွန်လိုင်းလောင်းကစားကို အားပေးကူညီမှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် ထောင်ဒဏ် ၁၇ နှစ်နှင့် ၈ လ ချမှတ်ခံရသည်။
အဆိုပါ အမှုနှင့် ဆက်စပ်ခဲ့သည့် စီးပွားရေးအဖွဲ့အစည်းအချို့ကို ဘတ် ၁ သန်းမှ ၁၃.၇ သန်းအထိ ဒဏ်ရိုက်ခဲ့ပြီး လူနှစ်ဦးကိုမူ တစ်ဦးလျှင် ထောင်ဒဏ် တစ်နှစ်နှင့် ရှစ်လစီ ချမှတ်ခဲ့သည်။
မြေကွက်များ၊ ကျောက်မျက်ရတနာများနှင့် ဇိမ်ခံကားများအပါအဝင် ပြစ်မှုနှင့် သက်ဆိုင်သည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် တရားရုံးက အမိန့်ပေးခဲ့သည်။
