တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂လသား ကလေးအပါအဝင် ပြည်သူ၃ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့(မေလ၂ရက်) မွန်းလွဲ၂နာရီခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်၂၅၀ ဗုံး၂လုံး ကြဲချခဲ့ခြင်း ဖြစ်ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
ဧပြီ ၂၇ ရက်တွင်လည်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် မောတောင်မြို့အနီးရှိ သဲဖြူကျေးရွာအုပ်စုအတွင်း ၂ ကြိမ်နှင့် မောတောင်မြို့ပေါ် ရပ်ကွက်များအတွင်းသို့ ၄ ကြိမ် စုစုပေါင်း ၆ ကြိမ် ပေါင် ၃၀၀ ဗုံးများ ကြဲချခဲ့ပြီး အော်လီဂန်းဖြင့်လည်း ပစ်ခတ်ခဲ့ရာ အရပ်သားလင်မယား၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသေးသည်။
မောတောင်မြို့ကို KNLAနှင့်တော်လှန်ရေးပူးပေါင်းတပ်တို့က ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၄ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် ကြိုးပမ်းနေသော်လည်း ပကိတိမြေ ပြင်တွင်မူ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု များ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
