ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းနယ်စပ်တွင် ဒေသခံပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး အရေးပေါ် ဆေးကုသမှုများ လိုအပ်နေသည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
မောင်တောမြို့ပေါ်နှင့် ၄၅ မိုင် ၇ ဖာလုံခန့် ဝေးသည့် အင်တူလာ (ဘော်တလာ) ကျေးရွာတွင် လူကြီး၊ လူငယ်၊ အမျိုးသမီးများနှင့် ကလေးငယ်များပါ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်း စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရေးပေါ် ဆေးပုလင်းချိတ်ပြီး ဆေးရုံ၊ ဆေးခန်းများရှိရာသို့ အရေးပေါ် ယူဆောင်သွားကြသည်ကို မြင်တွေ့ရကြောင်း ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။
ထိုဒေသခံမျက်မြင်က “လူကြီးတွေပါ ကလေးတွေပါ ဖြစ်ကြတာ။ တစ်အိမ်လုံးနီးပါး အိမ်သားတွေ အားလုံး ဖြစ်နေကြတာလည်း ရှိတယ်။ ဆေးပုလင်းတွေ ချိတ်ပြီး ယူသွားကြတာတွေလည်း တွေ့ရတယ်။ တစ်ရွာလုံးနီးပါး ဖြစ်နေကြတာ” ဟု ပြောသည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါမှာ သောက်သုံးရေကြောင့် ဖြစ်ပွားခြင်းလား၊ မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေသည်ကို အတိအကျ မသိရသေးကြောင်း ၎င်းက ဆိုသည်။
အင်တူလာကျေးရွာတွင် ရခိုင်ပြည် အနယ်နယ်အရပ်ရပ်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်အများအပြား တည်းခိုနေထိုင်ကြပြီး ၎င်းတို့မှာလည်း အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ ဝေဒနာကြောင့် နေရပ်ပြန်နေကြရကြောင်း သိရသည်။
အင်တူလာကျေးရွာတွင် ကုန်ထမ်းပို့သည့် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက “နေမကောင်း ဖြစ်နေကြတာက ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ကြတာပါ။ တော်တော်များများ ဖြစ်နေကြတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ မသိရဘူး” ဟု ဆိုသည်။
လက်ရှိတွင် အင်တူလာ (ဘော်တလာ) ကျေးရွာတစ်ရွာတည်းတွင် ဖြစ်ပွားနေခြင်း ဖြစ်ပြီး တခြားကျေးရွာများတွင်လည်း ယင်းသို့ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
“ဒီရောဂါက ဒီလို ရာသီအကူးအပြောင်းမှာ အဖြစ်များတယ်။ အခုလို အပူရှိန်ပြင်းနေတဲ့အချိန်မှာ အဓိကက အစားအသောက်နဲ့ သောက်သုံးရေ မသန့်တာကြောင့်လည်း ဖြစ်နိုင်တယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ဝမ်းပျက်ဝမ်းလျှောခြင်းသည် အဓိကအားဖြင့် မသန့်ရှင်းသော အစားအသောက်နှင့် ရေမှတစ်ဆင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးမွှားများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောဆိုကြသည်။
ထို့အပြင် အပူရှိန်ပြင်းထန်ခြင်းက ဝမ်းပျက်ဝမ်းလျှောခြင်းကို တိုက်ရိုက်ဖြစ်စေနိုင်သလို သွယ်ဝိုက်သောနည်းလမ်းများဖြင့်လည်း ဖြစ်ပွားစေနိုင်သည်ဟု သိရသည်။
