ထိုင်းနှင့် တရုတ်အလုပ်သမားများအတွက် ပြည်ဝင်ခွင့်စည်းမျဉ်းများကို စင်ကာပူဖြေလျှော့ပေးမည်

ဓာတ်ပုံ - Reuters
ပုံစာ - စင်ကာပူမြို့တော် ညဘက်မြင်ကွင်း

စင်ကာပူနိုင်ငံ၏ အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများအတွက် အလုပ်သမားအင်အား ပိုမိုလိုအပ်နေသဖြင့် လာမည့်နှစ် ဇန်နဝါရီလမှစ၍ ထိုင်းနှင့် တရုတ်အလုပ်သမားများအတွက် ပြည်ဝင်ခွင့်စည်းမျဉ်းများကို ဖြေလျှော့ပေးတော့မည်ဖြစ်သည်။

ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်သားအင်အား လုံလောက်မှုရှိစေရန်အတွက် စည်းမျဉ်းများ ပြောင်းလဲပြင်ဆင်မှုကို စင်ကာပူ အဆောက်အအုံနှင့် ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (BCA) က ဧပြီ ၃၀ ရက်က ကြေညာခဲ့သည်။

လက်ရှိတွင် နိုင်ငံခြားသားအလုပ်သမားအားလုံးသည် စင်ကာပူသို့ ဝင်ရောက်ခွင့်မရမီ ၎င်းတို့၏ မိခင်နိုင်ငံများ၌ပင် အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) လျှောက်ထားရန်နှင့် ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲများကို အောင်မြင်ရန် လိုအပ်သည်။

သို့သော် လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုင်းနှင့် တရုတ်အလုပ်သမားများအတွက် ပြည်ဝင်ခွင့်မတိုင်မီ စစ်ဆေးရမည့် စာမေးပွဲစနစ်ကို ဖျက်သိမ်းမည်ဖြစ်သည်။ ကုမ္ပဏီများသည် ဆောက်လုပ်ရေးလုပ်သားအသစ်များကို တိုက်ရိုက်ခေါ်ယူနိုင်သော်လည်း ယင်းလုပ်သားများသည် စင်ကာပူသို့ ရောက်ရှိချိန်တွင် ကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖြေဆိုအောင်မြင်ရန် လိုအပ်မည်ဖြစ်သည်။

အလုပ်ရှင်များသည် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ လုပ်သားအသစ်များကို မခေါ်ယူမီ စင်ကာပူရှိ စာမေးပွဲဖြေဆိုမည့် အချိန်ဇယားများကို ကြိုတင်ဘိုကင်ပြုလုပ်ပေးရမည်ဖြစ်သည်။

အခြားနိုင်ငံများမှ အလုပ်သမားများအတွက် အဆိုပါ စနစ်ကို ၂၀၂၈ ခုနှစ်တွင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း BCA က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ စင်ကာပူတွင် ထိုင်းနိုင်ငံသား ၅,၀၀၀ ခန့် အလုပ်လုပ်ကိုင်နေပြီး အများစုမှာ ကျွမ်းကျင်လုပ်သားအဆင့်ရှိ နည်းပညာရှင်များ ဖြစ်ကြသည်။