ထိုင်းနိုင်ငံတွင် လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စင်း ပျက်ကျမီးလောင်မှုဖြစ်ပွား၊ လူ ၂ ဦး ဒဏ်ရာရရှိ

By Thai BPS

ယနေ့ (မေလ ၃ ရက်နေ့)တွင် ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ စုခုမ်ဝစ်လမ်းဟောင်းပေါ်ရှိ BTS လျှပ်စစ်ရထား ပြုပြင်ထိန်းသိမ်းရေးစင်တာအနီး၌ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါရဟတ်ယာဉ်သည် စက်သုံးဆီဆိုင်တစ်ဆိုင်၏ အနောက်ဘက်ရှိ တောအုပ်နှင့် မြက်တောဧရိယာအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားကာ ရဟတ်ယာဉ် တစ်စင်းလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက အမြန်ဆုံး သွားရောက်ကူညီခဲ့ကြသည်။

ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှာ ပြင်သစ်နိုင်ငံထုတ် Guimbal Cabri G2 အမျိုးအစား ၂ ယောက်စီး အပေါ့စားရဟတ်ယာဉ်ဖြစ်ပြီး ၎င်းကို လေယာဉ်မောင်းသင်တန်းများနှင့် ဝေဟင်ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်းများတွင် အဓိကအသုံးပြုလေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးအရ ပိတ်ဆို့ထားပြီး ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဒဏ်ရာရရှိသူ ၂ ဦးကိုလည်း ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးထားကြောင်း သိရသည်။