နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာသို့ ပြောင်းရွှေ့ခြင်းမှာ နိုင်ငံရေးလှည့် စားချက်သာဖြစ်ဟု NLDထုတ်ပြန်

သမ္မတကြီးဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ရခြင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာတွင် ဖမ်းဆီးထားရာမှ တည်နေရာမဖော်ပြသောနေရာသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားခြင်းမှာ နိုင်ငံရေးအရအပြုသဘောဆောင်သော လမ်းစသို့ ချဥ်းကပ်လာခြင်းမဟုတ်ဘဲ လှည့်စားချက်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ယနေ့(မေ၃ရက်)ထုတ်ပြန်လိုက်သည်။

မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများကို ထောင်ဒဏ်လျှော့ပေါ့ ခြင်းနှင့် နေရာရွှေ့ပြောင်း ပေးသည်ဟု သတင်းထုတ်ပြန်ခြင်းများသည် အသွင်ကူးပြောင်းရေး၊ ပြန်လည်ကုစား နိုင်ရေး အတွက် လုံလောက်သော သက်သေပြချက် လုံးဝမဟုတ်သကဲ့သို့ ကုစားရေးနှင့် အသွင်ကူးပြောင်းရေး လုပ် ဆောင်လာမည်ဟု ယူဆနိုင်သော နိုင်ငံရေးလုပ်ငန်းစဥ်ခြေလှမ်းအဖြစ် မှတ်ယူနိုင်ရန် မလုံလောက် ကြောင်းလည်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

“ဒေါ်အောင်ဆန်းစုကြည်က သူတို့(စစ်အုပ်စု)ပြောစေချင်တဲ့စကားမျိုး ပြောမှာမဟုတ်ဘူး။အဲဒါ ကြောင့် ပြန်လွှတ်မှာမဟုတ်ဘူး။မလွှတ်ရဲလို့ကို မလွှတ်တာပါ”ဟု မဲဆောက်အခြေစိုက် ၂၀၂၀ ရွေးကောက်ခံ ရန်ကုန်တိုင်းNLDအမတ်တစ်ဦးက MPAသို့ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုသော ဟန်ပြလုပ်ရပ်များသာဖြစ်သဖြင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအ နေ ဖြင့် ဆောလျင်စွာ ထိတွေ့ဆက်ဆံမှုများပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံကို ပိုမိုရှည်လျား နက်ရှိုင်းသည့် ပဋိပက္ခနွံတွင်းသို့ တွန်းပို့ခြင်း မပြုမိရန် ရှောင်ရှားသင့်ကြောင်း NLD က အကြံပြုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်စေရန် အစဥ်တစိုက် ထပ်ခါတလဲလဲ တောင်းဆို သတင်း ထုတ်ပြန်ခဲ့ကြသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အပါအဝင် ဗြိတိန် ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ၊ နော်ဝေ၊ ဂျာမနီ အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား လုံး ၊ သြစတေးလျ၊ နယူးဇီလန်၊ စင်ကာပူ၊ ထိုင်း ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊အရှေ့တီမော အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ နှင့် ဂျပန်တို့ကို ကျေးဇူးတင်အသိအမှတ် ပြုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေများကို အစဥ်တစိုက်စောင့်ကြည့်လျက်ရှိပြီး ကာလရှည်ကြာ မိတ်ဆွေတဦးအဖြစ် ဖော်ပြပေးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သဘောထားအပေါ် လည်း ကျေးဇူးတင်ကြောင်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်စေရန် လူမှုကွန်ရက်များ နှင့် မြေပြင်တွင် ဆန္ဒပြု တောင်းဆိုနေကြသော ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသားများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပြီး လုံးဝ လွတ်မြောက်သည်အထိ တောင်းဆိုတိုက်ပွဲဝင်ပေးရန် NLDပါတီက တိုက်တွန်းသည်။

သမ္မတကြီးဦးဝင်းမြင့်သည် ဧပြီ၁၇ရက်တွင် မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းထောင်မှ သတ်မှတ်နေအိမ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်အုပ်စု အစိုးရတုက ဧပြီ၃၀ရက်၌ ထုတ်ပြန်သည်။

စာတည်း-ML