နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု၊ရှေ့နေများနှင့် ပုံမှန်တွေ့ဆုံခွင့် ပေးရန် ဥရောပသမဂ္ဂ(EU)က ယနေ့ (မေ၃ရက်) တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်သို့ ပြောင်းရွှေ့သည့်သတင်းများအား အီးယူ က ကြားသိရပြီး သူ၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာကောင်းမွန်စေရန် အပြည့်အဝ အလေးထားရန်လည်း EU နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာပြောရေးဆိုခွင့်ရှိသူ Anitta Hipper က ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အကြွင်းမဲ့လွှတ်ပေးရန်လည်း အီးယူက ထပ်လောင်း တောင်းဆိုလိုက်သည်။
“ပြောရမယ်ဆိုရင် အခု အာဆီယံကရော နိုင်ငံတကာကပါ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ မလွှတ်ပေးရဲတာလဲလို့ မင်းအောင်လှိုင်ကို မေးခွန်းထုတ်နေကြတာပဲ။မင်းအောင်လှိုင်မှာ ဖြေစရာ စကားမရှိဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် တောင်းဆိုထားသည်။
ဧပြီ၃၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ သတ်မှတ်နေအိမ်သို့ ပြောင်းရွှေ့လိုက် ကြောင်း စစ်အုပ်စု အစိုးရတုက ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တစ်ခုမှ လျှို့ဝှက်နေရာတစ်ခုသို့ ရွှေ့လိုက်ခြင်းသည် လွတ် မြောက်ခြင်းမဟုတ်ဘဲ ဓားစာခံအဖြစ် ဆက်ရှိနေဆဲဖြစ်ကာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ် ခံထားရဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောကြားထားသည်။
စာတည်း-ML
