စစ်ကော်မရှင်လက်အောက်ခံ တပ်မတော်ဆေးတက္ကသိုလ်သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ Apollo ဆေးရုံမှ အာရုံကြောခွဲစိတ်ဆရာဝန်ကြီး Dr. M. Balamurugan ကို ဂုဏ်ထူးဆောင်ပါမောက္ခ ဘွဲ့အား ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင်သတင်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် တရားဝင်ထုတ်ပြန်ခဲ့ပြီး၊ ယင်းမှာ နှစ်နိုင်ငံအကြား အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုကဲ့သို့ Dr. M. Balamurugan ကို ဂုဏ်ထူးဆောင်ပါမောက္ခပေးအပ်ခဲ့ခြင်းမှာ မတ်အတွင်းက မင်းအောင်လှိုင်ကို အရေးပေါ်ခွဲစိတ်ကုသပေးခဲ့မှုအတွက် ကျေးဇူးတုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
“သူက မင်းအောင်လှိုင်ကို (မူရင်း တပ်ချုပ်ကြီး) ကုပေးခဲ့တာ ဆရာဝန်ပါ။ အဲ့ဒါကြောင့် ဂုဏ်ပြုတာပါ” ဟု မင်္ဂလာဒုံ စစ်ဆေးရုံမှ ဗိုလ်ကြီးတစ်ဦးက MPA သို့ပြောသည်။
မင်းအောင်လှိုင်သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်ခြင်း ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရသဖြင့် နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံသို့ အရေးပေါ် တက်ရောက်ခဲ့ရသည်။
အဆိုပါ ခွဲစိတ်မှုမှာ စစ်ခေါင်းဆောင်အတွက် အသက်အန္တရာယ်နှင့် နီးစပ်သည့် စိုးရိမ်ရသော အခြေအနေဖြစ်ခဲ့ပြီး၊ Dr. M. Balamurugan ဦးဆောင်သည့် အိန္ဒိယပါရဂူအဖွဲ့နှင့် စစ်ကော်မရှင် ဆေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ၂ နာရီကြာ အချိန်ယူ ခွဲစိတ်ခဲ့ရခြင်း ဖြစ်သည်။
စစ်ကော်မရှင်ဘက်ကမူ အဆိုပါခွဲစိတ်မှုသတင်းကို ချက်ချင်းထုတ်ပြန်ခြင်းမရှိဘဲ ခွဲစိတ်မှုပြီးစီးပြီး ၃ ရက်အကြာ မတ်လ ၂၃ ရက်နေ့ရောက်မှသာ အောင်မြင်ကြောင်း တရားဝင် ကြေညာခဲ့သည်။
“စစ်ကော်မရှင်ဘက်က အခုလို အိန္ဒိယဆရာဝန်ကြီးကို ဘွဲ့ပေးလိုက်တယ်ဆိုတာက နောက်နောင် သူ့ကျန်းမာရေးအတွက်ဆိုရင်လည်း အိန္ဒိယက ပညာရှင်တွေကိုပဲ ဆက်ပြီး အားကိုးသွားမယ်ဆိုတာကိုပါ အရိပ်အမြွက် ပြလိုက်တာလို့ ပြောလို့ရပါတယ်။နောက်တစ်ချက်က သံတမန်ရေးအရ ကြည့်မယ်ဆိုရင်လည်း အိန္ဒိယအစိုးရဟာ စစ်ကော်မရှင်နဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ လက်တွဲမပျက် ဆက်ရှိနေတယ်ဆိုတာကို ဒီဘွဲ့နှင်းသဘင် အခမ်းအနားကနေတစ်ဆင့် မီးမောင်းထိုးပြလိုက်တာပါပဲ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
မေလ ၂ ရက်နေ့က ပေးအပ်ခဲ့သော ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အရေးပေါ်ခါးခွဲစိတ်မှုကို အောင်မြင်အောင် လုပ်ဆောင်ပေးခဲ့သည့် အိန္ဒိယဆရာဝန်ကြီးအား စစ်ကော်မရှင်က ကျေးဇူးတုံ့ပြန်လိုက်သည့် အမြင့်ဆုံးသော ဂုဏ်ပြုမှုတစ်ရပ်လည်းဖြစ်သည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-လူမှုကွန်ရက်
