အီရန်တို့အနေဖြင့် ထိုက်တန်သည့် ပေးဆပ်မှုမျိုး မရှိသေးသောကြောင့် ၎င်းတို့ ၏ ငြိမ်းချမ်းရေးအဆိုပြုချက်သစ်၏ အသေးစိတ်အချက်အလက်များကို ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော်လည်း လက်ခံရန် အလားအလာမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေလ ၃ရက်တွင် ပြောကြား သည်။
လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေရှိကြောင်း ထရန့်က ထုတ်ဖော်ပြောဆိုခဲ့သည့် နေ့တစ်နေ့၌ ဆိုရှယ်မီဒီယာမှတစ်ဆင့် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အစ္စရေးကလည်း မေလ ၃ ရက်တွင် လက်ဘနွန်တောင်ပိုင်းရှိ ရွာသားထောင်ပေါင်းများစွာကို ကျေးရွာများမှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။
အီရန်၏မဟာမိတ် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲမှာ အရှိန်မြင့်တက်လျက်ရှိသည်။
အစ္စရေးက လက်ဘနွန်သို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ပွဲ၌ အပစ်အခတ်ရပ်စဲရေး မရရှိမချင်း အမေရိကန်နှင့် ဆွေးနွေးပွဲများ ပြန်မစနိုင်ကြောင်း အီရန်က မတ်လအတွင်းက ပြောကြားထားသည်။
လက်ဘနွန်နှင့် အစ္စရေးတို့သည် ပြီးခဲ့သည့်လက သီးခြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ကြသော်လည်း တိုက်ပွဲအချို့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့တွင် လက်ဘနွန်တောင်ပိုင်းရှိ မြို့နှင့် ကျေးရွာ ၁၁ ခုမှ ဒေသခံများကို ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ကြရန် မေလ ၃ ရက်က သတိပေးခဲ့ခြင်း ဖြစ်သည်။
ဟစ်ဇ်ဘိုလာတို့က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အစ္စရေးက ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းနှင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ သို့မဟုတ် စခန်းများအနီးရှိ မည်သူမဆို အန္တရာယ်ရှိနိုင်ကြောင်း အစ္စရေးစစ်တပ်က သတိပေးထားသည်။
