ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အိန္ဒိယမှ ရခိုင်ဘက်သို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်း ပျက်စီးနေပြီး ကုန်ကားများ ရာချီပိတ်မိနေကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်နှင့် ပလက်ဝမြို့နယ် ချင်းလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီး မိုးများ ဆက်လက်ရွာသွန်းနေသဖြင့် ကုန်သည်များလည်း အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ဆိုသည်။
“အိန္ဒိယနယ်စပ် ခြေခုံ၊ လုံဘု ဘက်ကလမ်းတွေက ကောင်းသေးတယ်။ ဆိုးတာက ကျနော်တို့ဘက်ခြမ်းမှာ မိုးတအားရွာတာကိုး။ ရှေ့ကသွားတဲ့ကား နစ်သွားရင် နောက်ကကားလည်း နစ်သွားတယ်။ အဲဒီလို တစ်ယောက်ကိုတစ်ယောက် မကယ်နိုင်ဖြစ်နေကြတာ။ တချို့လူတွေဆိုရင် ရွာတွေရှိတဲ့နေရာကို မရောက်နိုင်တော့ ထမင်းအငတ်နဲ့ တောထဲမှာ အစုလိုက် ဒုက္ခရောက်နေကြတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။
လမ်းအပျက်အစီးကြောင့် အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ် ချင်းလက်ဝလမ်းပိုင်း ခြေခုံကျေးရွာတွင် ကုန်သည်အများအပြား ပိတ်မိနေကြသလို ကုန်စည်များ ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေသည်ဟု သိရသည်။
ရခိုင်သို့ ကုန်စည်များ အချိန်မီ မစီးဆင်းနိုင်ခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် ထိုးတက်လာမည်ကို ပြည်သူများ စိုးရိမ်နေကြသည်။
“အခုလို မိုးရွာပြီး လမ်းပျက်လို့ ကားတွေက မရောက်နိုင်၊ ကုန်စည်တွေ အချိန်မီ မရောက်ရင် ပစ္စည်းတွေ ဈေးတင်ရောင်းကြတော့မယ်။ ပြည်သူတွေ၊ မရှိဆင်းရဲတဲ့လူတွေ ဘယ်လိုစားကြမလဲ။ ပိုပြီး ခက်ခဲလာနိုင်တယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။
ကုန်ကားများနှင့် ကုန်သည်များ ယခုကဲ့သို့ ပိတ်မိနေခြင်းကြောင့် အချိန်ကြာလာပါက ကုန်သည်များအတွက် ဆုံးရှုံးမှုကြီးမားနိုင်သလို ကုန်စည်ပြတ်လပ်မှုကြောင့် ပြည်သူလူထုမှာလည်း အခက်အခဲ ကြုံလာရနိုင်သည်ဟု ဆိုကြသည်။
အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းမှာ ပလက်ဝ-ချင်းလက်ဝ-လောင်တလိုင်-ဆိုင်းဟ လမ်းပိုင်းဖြစ်ပြီး နွေရာသီတွင် သွားလာရ မြန်ဆန်သော်လည်း မိုးရာသီအတွင်း မြေပြိုမှု၊ လမ်းပျက်စီးမှုများကြောင့် ကုန်သည်များအတွက် အခက်ကြုံရလေ့ရှိသည်။
နောက်ထပ်ကုန်သည်တစ်ဦးက “လမ်းက ဘက်ဖိုးနဲ့ လုပ်ထားတဲ့ မြေသားလမ်းဆိုတော့ မိုးရွာရင် အကုန်ပျက်စီးသွားတာ။ ကားတွေအကုန် နစ်နေကြတာ။ တချို့ဆို ခြေခုံဂိတ်မှာ သောင်တင်နေကြတယ်။ ထိုမရောက် ဒီမရောက် လမ်းမှာ ဒုက္ခရောက်နေကြသူတွေလည်း အများကြီးပါ” ဟု ပြောသည်။
အာရက္ခတပ်တော် (AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) နှင့် ဆက်စပ်၍ ဖမ်းဆီးမှုများကြောင့် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို ရိုက်ခတ်မှုများရှိနေပြီး ဒေသတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုများ ရှိနေသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက စစ်ကော်မရှင်က ကုန်စည်စီးဆင်းရာ လမ်းကြောင်းများကို ဖြတ်လေးဖြတ် ပိတ်ဆို့ထားမှုကြောင့် ဒေသခံများမှာ အိန္ဒိယလမ်းကြောင်းကို အဓိက အားထားနေရခြင်းလည်း ဖြစ်သည်။
