ရခိုင်အမျိုးသမီး သတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရ

ဓာတ်ပုံ-ပေးပို့
ပုံစာ-ရခိုင်အခြေစိုက် သံလွင်ခက်သတင်းဌာန၏ အမျိုးသမီးသတင်းထောက်မခင်သရီဖီဦး

သံလွင်ခက်သတင်းဌာန၏ ရခိုင်ပြည်နယ်အခြေစိုက် မြေပြင်အမျိုးသမီးသတင်းထောက်တစ်ဦးမှာ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရကြောင်း ကာယကံရှင်အမျိုးသမီးနှင့် သံလွင်ခက်သတင်းဌာနတို့က ထုတ်ပြန်ထားသည်။

မေလ ၃ ရက်နေ့က ထုတ်ပြန်သည့် သံလွင်ခက်သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ရေးသားဖော်ပြထားသည်။

Twan Lynn Thein အမည်ရှိ Facebook အကောင့်ပိုင်ရှင်က အွန်လိုင်းမှတစ်ဆင့် သတင်းထောက်အမျိုးသမီး မခင်သရီဖီဦးကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျမကြုံရတာက သတင်းထောက်ဖြစ်နေလို့တင် မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက် ဖြစ်နေတာနဲ့ ဗမာစကားပြောတာကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ ဆဲဆိုတိုက်ခိုက်ခံနေရတာပါ။ ဒီလိုအပြုအမူတွေ မလုပ်ဖို့ ပြောလိုက်တိုင်းမှာတောင် ပိုပြီးညစ်ညမ်းတဲ့စကားတွေ၊ အပြစ်ဖို့တဲ့မေးခွန်းတွေနဲ့ Comment တွေ ဆက်တိုက် မြင်နေရတုန်းပါပဲ” ဟု မခင်သရီဖီဦးက ဆိုသည်။

အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားခြိမ်းခြောက်မှု ပြုလုပ်သူမှာ ရခိုင်ပြည်နယ်၊ ပန်းမြောင်းတိုက်နယ်၊ နဂါးရွာအုပ်စု၊ သိမ်တောင်ရပ်ကွက်မှ ကိုထွန်းလင်းသိန်း ဖြစ်ကြောင်း ရခိုင်အခြေစိုက် DMG သတင်းဌာနက ရေးသားဖော်ပြထားသည်။

ထိုကဲ့သို့ လုပ်ရပ်များမှာ အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် ULA/AA ကို သံလွင်ခက်သတင်းဌာနက မေတ္တာရပ်ခံ တောင်းဆိုထားသည်။

မခင်သရဖီဦးသည် လုပ်သက်ရင့် သတင်းထောက်တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း မြေပြင်သတင်းများကို ပြည်သူများသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေသည့် အမျိုးသမီးသတင်းထောက်တစ်ဦး ဖြစ်သည်။

“အနာကျင်ဆုံးကတော့ ဒီလိုလုပ်ရပ်တွေဟာ ကိုယ့်လူမျိုးအချင်းချင်းကြားမှာတောင် ဖြစ်ပွားနေတာပါ။ ဒါဟာ တကယ်ကို စိုးရိမ်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုပါ။ အွန်လိုင်းမှာ အကောင့်တစ်ခုနဲ့ စတင်ဖုန်းခေါ်နှောင့်ယှက်ပြီး မကိုင်ရင် ဆဲဆိုတာတွေအထိ တိုးလာနေပါတယ်။ ဒါကို ကျမတစ်ယောက်တည်း ကြုံရတာမျိုးလည်း မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ ဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ် ခံနေကြရတာပါ။ အခုလိုကိစ္စမျိုးကို လျစ်လျူရှုထားလို့ မရပါဘူး” ဟု မခင်သရီဖီဦးက ပြောသည်။

ပြည်သူများအနေဖြင့် သတင်းမှန်များ ရောက်ရှိရေးအတွက် အသက်အန္တရာယ်ကြားမှ ကြိုးပမ်းနေကြသည့် သတင်းသမားများ၊ အထူးသဖြင့် အမျိုးသမီးသတင်းထောက်များအပေါ် ယခုကဲ့သို့ အကြမ်းဖက်ခြိမ်းခြောက်မှုများကို ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချပေးရန် ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အမျိုးသမီးသတင်းထောက်ဆိုသည်ထက် မည်သည့်အမျိုးသမီးမဆို ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကိုယ်နှုတ်အမူအရာဖြင့် စော်ကားခြင်းများမှာ မဖြစ်သင့်ကြောင်း၊ ထိုကိစ္စအပေါ် လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်များက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ရခိုင်ဝါရင့်သတင်းထောက်တစ်ဦးက ထောက်ပြသည်။

“အဲဒါတွေကို သက်ဆိုင်ရာအနေနဲ့ လူကြီးတွေက ထိန်းသိမ်းပေးရပါမယ်။ ဒီလိုမျိုး နောက်ထပ်မဖြစ်လာအောင်လည်း တားဆီးပေးရမယ်လို့ မြင်မိတယ်။ အဲဒါက အမျိုးသမီးသတင်းထောက် တစ်ဦးတည်းအတွက်တင် မဟုတ်ဘဲ တခြားမိန်းကလေးတိုင်းနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ လူမှုအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စတွေကို အလေးထားပြီး လုပ်ဆောင်ရမယ်လို့ မြင်မိပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသမီးဝန်ထမ်းများအပေါ် ယခုကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို လုံးဝသည်းခံမည်မဟုတ်ကြောင်းနှင့် ကျူးလွန်သူ၏ အထောက်အထားများကို စုဆောင်းကာ နိုင်ငံတကာသတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့အစည်းများထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သံလွင်ခက်သတင်းဌာနက ထုတ်ပြန်ထားသည်။

မေလ ၃ ရက်နေ့သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သလို သတင်းသမားများ၏ လုံခြုံရေးနှင့် လွတ်လပ်ခွင့်ကို လေးစားတန်ဖိုးထားရန် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုထားသော နေ့လည်းဖြစ်သည်။