ထိုင်းတစ်နိုင်ငံလုံးရှိ ပြည်ပ အလုပ်သမားများ၏ အလုပ်ကိုင်ခွင့်လက်မှတ်များကို စစ်ဆေးရန် အလုပ်သမားဝန်ကြီး ညွှန်ကြား

The Nation

ထိုင်းနိုင်ငံအနှံ့ရှိ နိုင်ငံခြားသားအလုပ်သမားများနှင့် လုပ်ငန်းခွင်များကို တင်းကျပ်စွာ ကြီးကြပ်ကွပ်ကဲ ရန် နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေဖြင့် ဗဟိုနှင့် ဒေသန္တရအဖွဲ့အစည်းများကို သက်ဆိုင်ရာကဏ္ဍအားလုံးနှင့် ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံပြီး ကြိုတင်ကာကွယ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အလုပ်သမားရေးဝန်ကြီးဌာနက မေလ ၄ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ထားသ်ည။

မေလ ၁ ရက် က စူရတ်ဌာနီခရိုင်၊ ကိုဖငန်းမြို့နယ်ရှိ ကလေးထိန်းကျောင်းတစ်ခုအား စစ်ဘက်ဆိုင်ရာအရာရှိများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ကိုဖငန်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား သံသယရှိသူ စုစုပေါင်း ၉ ဦးကို ဖမ်းဆီးခဲ့သည်။

ပြည်ပအလုပ်သမားများသည် ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Permit) တွင် ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားပြင်ပတွင် လုပ်ကိုင်နေခြင်း သို့မဟုတ် လက်မှတ်မရှိဘဲ လုပ်ကိုင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်။

ယခုလုပ်ဆောင်ချက်မှာ ဥပဒေချိုးဖောက်သူများကို ပြင်းထန်စွာ စစ်ဆေးခြင်း၊ ထိန်းချုပ်ခြင်းနှင့် အရေးယူခြင်းတို့ ပြုလုပ်ရန်ဖြစ်ပြီး တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများ၊ အလုပ်ရှင်များနှင့် လုပ်ငန်းရှင်များအနေဖြင့် ဥပဒေကို လိုက်နာလာစေရန် အသိပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် လုံခြုံရေးအရ စောင့်ကြည့်ရန်လိုအပ်သည့် နိုင်ငံသားအုပ်စုများထဲမှ နိုင်ငံခြားသားအလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရာတွင် ပိုမိုစိစစ်သွားမည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့် ဒေသများတွင် လက်မှတ်မရှိသူများနှင့် ခွင့်ပြုချက်ပြင်ပတွင် လုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။

“အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေတဲ့ ဒါမှမဟုတ် ခွင့်ပြုထားတဲ့ အခွင့်အရေးပြင်ပမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေဟာ ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ချမှတ်ခံရမယ့်အပြင် မိခင်နိုင်ငံကို ပြန်လည်ပို့ဆောင်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရေးယူခံရတဲ့နေ့ကစပြီး ၂ နှစ်အတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပြန်လည်လျှောက်ထားခွင့် ပိတ်ပင်ခံရမှာပါ။ လက်မှတ်မရှိတဲ့ နိုင်ငံခြားသားတွေကို ခန့်ထားတဲ့ ဒါမှမဟုတ် ခွင့်ပြုချက်ပြင်ပမှာ လုပ်ကိုင်ခွင့်ပေးထားတဲ့ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတစ်ဦးချင်းစီအတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ကျခံရပါမယ်။ အဲဒီဥပဒေကို ထပ်မံချိုးဖောက်ရင်တော့ အလုပ်သမားတစ်ဦးအတွက် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၁ နှစ်ဖြစ်စေ ချမှတ်ခံရနိုင်တဲ့အပြင် နိုင်ငံခြားသားအလုပ်သမားခန့်ထားခွင့်ကို ၃ နှစ်ကြာ ပိတ်ပင်သွားမှာဖြစ်ပါတယ်” ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။